ကိုစိုး (ကမ္ဘောဇတိုင်း)၊ ဗျတ္တ
.
တောင်ကြီးဘူတာဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား ဖျက်သိမ်းရန်
ဩဂုတ်လ ၁၉ ရက်တွင် ဈေးသည်များအား ညွှန်ကြားထားသဖြင့် ယနေ့ ဩဂုတ်လ ၂၃ ရက်မှ စတင်၍ ဖျက်သိမ်းမှုများ
ပြုလုပ်နေသည်ဟု သိရသည်။
.
.
“ကျွန်တော်ကတော့ ဒီဈေးထဲမှာ ကြက်သွန်၊ ခရမ်းချဉ်သီး ရောင်းတာပါ။
ဆိုင်ခန်းခ အနေနဲ့ကတော့ မီးရထား ဝန်ထမ်းတွေ သက်သာချောင်ချိရေး ရန်ပုံငွေအတွက် ဆိုပြီး
၅၀၀ ကနေ ၈၀၀ အထိ ပေးရတာ ရှိပါတယ်။ ဖျက်သိမ်းဖို့ အတွက်တော့ အစည်းအဝေးခေါ်ပြီး ညှိနှိုင်းတာမျိုး
မရှိပါဘူး။ ဖုန်းနဲ့ လှမ်းအကြောင်းကြားတာပါ။ အခုအချိန်က COVID-19 ကာလလည်းဖြစ်တော့ အလုပ်အကိုင် ရှားပါး တယ်။ ကျွန်တော်ဆိုရင် အိမ်လည်း ငှားနေရတာဆိုတော့
အခက်အခဲတော့ အများကြီး ရှိပါတယ်။ ဖျက်ခိုင်းမယ်
ဆိုရင် ဈေးသည်တွေကို အစည်းအဝေးခေါ်ပြီး ကြိုပြောသင့် ပါတယ်။ မိုးတွင်းကာလည်းဖြစ်တဲ့အတွက်
ဆိုင်ခန်းဖျက်ဖို့ကို အချိန်နည်းနည်း ပေးသင့်ပါတယ်” ဟု ဘူတာဈေး အတွင်း ဈေးရောင်းချသူ
ကိုပြည့်စုံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
၎င်းအနေဖြင့် အဆိုပါဈေးအတွင်း ဈေးရောင်းချနေသည်မှာ ၆ နှစ်ခန့်
ကြာမြင့်နေပြီဖြစ်ပြီး အချို့ ဆိုင်ခန်းများမှာ ၁၅ နှစ်မှ ၁၈ နှစ်အထိ ကြာမြင့်နေပြီဖြစ်ကြောင်းနှင့်
လက်ရှိတွင် အဝေရာမီးပုံးပျံကွင်း အပြင်ဘက်ရှိ ယာယီပျံကျဈေးတွင် ဈေးခင်းကျင်းရောင်းချလျက်ရှိကြောင်း
ကိုပြည့်စုံက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ ယင်းဘူတာဈေးအတွင်း အစားအသောက် ရောင်းချသူ အမျိုးသမီးတစ်ဦးကလည်း
“ကျွန်မကတော့ COVID-19 ကာလ ကတည်းက မရောင်းဘဲ ပိတ်ထားတာ ကြာပါပြီ။ အခု ဖျက်ခိုင်းတယ်ဆိုတာ
သူများပြောမှ သိရလို့ လာကြည့်တာပါ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာ့မီးရထား၊ တောင်ကြီးဘူတာရုံမှ
ရုံပိုင်ကြီး ဦးကျော်မင်းထွန်းအား ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေးမြန်းရာတွင်
“ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျွန်တော်တို့ မီးရထား တိုင်း မန်နေဂျာကို အစည်းအဝေးမှာ
နှုတ်နဲ့ ညွှန်ကြားတယ်။ အဲဒီညွှန်ကြားချက်အရ တိုင်းမန်နေဂျာကနေ ကျွန်တော် တို့ကို ဈေးဖျက်သိမ်းခိုင်းဖို့
စာနဲ့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမှာရှိတဲ့ မီးရထား ပို့ဆောင်ရေးဌာန၊ စက်မှု
ဌာန၊ မီးရထားရဲတို့ ပူးပေါင်းပြီး ဈေးသည်တွေကို ဖျက်သိမ်းဖို့ နှိုးဆော်ခဲ့တာပါ။ ဒီဘူတာက
ပြည်နယ်ဘူတာကြီး ဖြစ်ပြီး တော့ အဲဒီလို ဘူတာကြီးရဲ့ အဝင်လမ်းတစ်လျှောက်မှာ ပိတ်ဆို့နေပြီး
အမြင် မတင့်တယ်တဲ့အတွက် ပြည်နယ် ဝန်ကြီးက ဖျက်သိမ်းခိုင်းတာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ယင်းတောင်ကြီးဘူတာရုံတွင် COVID-19 ကပ်ရောဂါ မဖြစ်ပွားမီကာလက
တောင်ကြီး-ဆိုက်ခေါင်ခရီးစဉ်ကို နေ့စဉ် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ခရီးစဉ်တစ်လျှောက်
ကျေးရွာများမှ ဒေသခံများက ဒေသထွက်သီးနှံများကို ဘူတာရုံ အနီးတစ်ဝိုက်တွင် ခင်းကျင်းရောင်းချရာမှ
ဈေးအသွင် ဖြစ်လာခြင်းဖြစ်ကာ လက်ရှိတွင် COVID-19 ရောဂါ ကူးစက်မှု
မရှိစေရေးအတွက် ရထားခရီးစဉ်ကို ရပ်နားထားသဖြင့် အဝေးမှ လာရောက်ဈေးရောင်းချသူ မရှိသကဲ့သို့
မြို့ပေါ်မှ ဈေးရောင်းချသူများကိုလည်း အဝေရာမီးပုံးပျံကွင်းအတွင်းရှိ ယာယီပျံကျဈေးတွင်သာ
ရောင်းချရန် ညွှန်ကြားထား ကြောင်း သိရသည်။
.
အကယ်၍ COVID-19 ကာလအလွန်၌ တောင်ကြီး-ဆိုက်ခေါင် မီးရထားခရီးစဉ်
ပြန်လည်ပြေးဆွဲနိုင်ပါက ရပ်ဝေးမှ လာရောက်ရောင်းချသည့် ဈေးသည်များကိုမူ ယာယီသဘောမျိုးဖြင့်
ဈေးရောင်းချခွင့် ပြုသွားမည်ဖြစ်ပြီး အဆောက်အဦ အခိုင်အမာ ဆောက်လုပ်ရောင်းချခွင့် ပြုတော့မည်မဟုတ်ကြောင်း
ဦးကျော်မင်းထွန်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးခွန်ရဲထွေး အား ဆက်သွယ်မေးမြန်းရာတွင်မူ “အမှန်ကတော့ ရထားဘူတာရဲ့ မီးရထားဌာနပိုင်
မြေကိစ္စ သူ့ဖာသာ လုပ်ကြရမယ့်ကိစ္စပါ” ဟုသာ ပြန်လည်ဖြေကြား ခဲ့သည်။
.
တောင်ကြီးဘူတာဈေးအတွင်း အဆောက်အဦ ဆောက်လုပ်ထားသည့် ဈေးဆိုင်ခန်း
၅၀ ခန့် ရှိနေပြီး တောင်ကြီး-ဆိုက်ခေါင် ရထားခရီးစဉ် ပြေးဆွဲချိန်က နယ်ဘက်မှ လာရောက်ရောင်းချသည့်
ဈေးသည်များ အပါအဝင် ဈေးသည် စုစုပေါင်း ၃၀၀ ကျော် ၄၀၀ ခန့် ရောင်းချခဲ့ကြခြင်းဖြစ်ကြောင်း
သိရသည်။
.