စိုင်းထွန်းလင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ မြို့မဈေးမြောက်ဘက်၊
ကုန်သည်လမ်းတွင် စွန့်ပစ်အမှိုက် များကြောင့် လမ်းသွားလမ်းလာများနှင့် ဒေသခံများအတွက်
အခက်အခဲ ဖြစ်ပေါ်နေရသည်ဟု သိရသည်။
.
.
“အရင်က ဒီလမ်းတလျှောက် အမှိုက်ပုံမရှိပါဘူး။
လမ်းပြုပြင်ဆောင်ရွက်ချိန်မှာစပြီး ယာယီစွန့်ပစ်နေရာဖြစ်လာတာ နံနက်ဈေးခင်းတာတွေလည်း
ရှိလာတော့ အမှိုက်ကပိုများလာတယ်။ အနံ့အသက်က ပိုဆိုးတယ်။ ကျွန်မတို့က ထမင်းဆိုင်ဖွင့်လို့
အဆင်မပြေဘူး။ အမှိုက်သိမ်းဖို့အတွက်မွှေးတောင်ကြီးနဲ့စည်ပင်ကလည်း
သေချာဆောင်ရွက်ပေးတာမရှိသေးဘူး" ဟု ဈေးပိုင်းရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ အမှိုက်ပုံနှင့် ပတ်သက်၍ တောင်ကြီးမြို့တွင် အမှိုက်သိမ်းဆည်းရေးလုပ်ငန်း
ဆောင်ရွက်နေသည့် မွှေး တောင်ကြီး အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးကုမ္ပဏီမှ ဇူလိုင်လ
၂၉ ရက်တွင် စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်း ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ကုန်သည်လမ်းနေ ကုန်စုံဆိုင်ရှင် တစ်ဦးကလည်း “ကျွန်မတို့
သက်ဆိုင်ရာဆီကို တင်ပြဖို့ လုပ်ဆောင် ထားတာ ရှိပါတယ်။ မွေးတောင်ကြီးက တာဝန်ယူ ဖြေရှင်းပေးတာ
မရှိသေးဘူး။ မြို့နယ်စည်ပင်ကို တင်ပြဖို့ စုဆောင်းထားပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကာ်မတီအဖွဲ့ဝင်
ဦးဇော်ဝင်းထူးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့ ကော်မတီအနေနဲ့ကလည်း
ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် အမှိုက် သိမ်းဆည်းရတာ ရှိပါတယ်။ မွှေး ကိုလည်း ကျွန်တော်တို့
ပြောထားတာ ရှိပါတယ်။ ယာယီဈေးတွေ ဖွင့်ထားတဲ့ အချိန်မှာ အမှိုက်ခွန်လိုတွေ မကောက်ခဲ့ပါဘူး။
မကောက်တော့ အမှိုက်က ပစ်ချင်သလို ပစ်ကြတယ်။ ကုမ္ပဏီ အနေနဲ့ကလည်း မနိုင်တဲ့အနေအထား ဖြစ်လာပါတယ်။
အမှိုက်နဲ့ပတ်သက်တဲ့ အခွန်အခတွေ မရပေမဲ့ ကုမ္ပဏီ ဘက်ကလည်း အခမဲ့ ဝန်ဆောင်မှု ပေးနေရတဲ့
အနေအထားဖြစ်လာတော့ အားနည်းချက်တွေ ဖြစ်ပြီး အခုလို အမှိုက်တွေ ပုံလာတာပါ။ နေ့စဉ်တော့
သိမ်းနေပါတယ်။ ဒီအမှိုက်တွေက တစ်ရက်ထက်တစ်ရက် ပိုပိုများလာတာပါ။ ဒီအမှိုက်နဲ့ ပတ်သက်ပြီး
အခြေအတင် ဆွေးနွေးနေတာလည်း ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ စွန့်ပစ်အမှိုက်များကြောင့် ကုန်သည်လမ်းတစ်လျှောက်တွင်
သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေပြီး အနံ့အသက်ဆိုးများကြောင့် ဒေသခံများအတွက် ကျန်းမာရေးထိခိုက်လာစေနိုင်သည်ဟု
ဒေသခံများမှ ပြေဆိုလျက် ရှိသည်။
.