မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ရှုခင်းသာလမ်းရှိ
မြေပြိုမှုဖြစ်ပွားခဲ့သည့် နေအိမ်နှင့် အနီးဝန်းကျင်၌ နေထိုင်သူများအား ဘေးလွတ်ရာသို့
ယာယီပြောင်းရွှေ့ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ညွှန်ကြားထားကြောင်း သိရသည်။
.
.
“မြို့မ၊ စိန်ပန်း၊ ကံသာ ၃ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စာရင်းကောက် ပြီးတော့ အန္တရာယ်ရှိပြီး မြေပြိုနိုင်တဲ့
အိမ်ထောင်စု ၁၇ စု ကို ညတွင်းချင်း ရွှေ့ပြောင်းပေးဖို့ ပြောထားပြီးဖြစ်ပါတယ်။ စိန်ပန်းနဲ့
ကံသာအစပ်က ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းခိုင်းထားပါတယ်” ဟု ကံသာရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
“ညကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန် ရှိသူတွေက နောက်ထပ်ပြိုကျနိုင်တဲ့
အခြေအနေရှိလို့ဆိုပြီး ဘုန်းကြီးကျောင်းမှာ ယာယီပြောင်းရွှေ့နေထိုင်ဖို့ ညွှန်ကြားခဲ့တယ်။
ဘုန်းကြီးကျောင်းကို မရွှေ့ဘဲနဲ့ ဦးလေးအိမ်မှာ သွားနေလိုက်တယ်။ နောက်လဲ ကျောက်တောင်
ပြိုကျတာမျိုး မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အရင်က ဒီကျောက်တောင်ကို မိုင်းခွဲပြီး
သဲ၊ ကျောက်ထုတ်တာတွေ၊ အိမ်ဝင်း မြေညှိတာတွေ လုပ်ထားတာတွေရှိတယ်။ အန္တရာယ်ကင်းကင်း နေနိုင်ဖို့အတွက်
အစိုးရဌာန အသီးသီးက တာဝန်ရှိသူတွေက ကူညီထောက်ပံ့မှုတွေ လုပ်ပေးစေချင်တယ်” ဟု တောင်ကြီးမြို့၊
ကံသာရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောသည်။
.
အဆိုပါကျောက်ဆောင်နှင့် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ကျောက်တောင်မှာ
ယခင်က သဲ၊ကျောက်ထုတ်လုပ်သည့် ကျောက်ကျင်းဖြစ်ပြီး ယင်းနေရာ၌ လူနေအိမ်များ
ဆောက်လုပ်စဥ်တွင်လည်း ကျောက်မိုင်းခွဲ၍ မြေညှိခြင်း၊ ကျောက်ဆောင်များ ဖယ်ရှားပြီးမြေဖို့၍မြေညှိခြင်းများ
လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
.
“ကျွန်မတို့ ဒီမှာစနေတာ ၂၀၀၁ ခုနှစ်တုန်းက အခုလို မဟုတ်ဘူး။
သဲ၊ ကျောက် ထုတ်ခဲ့တဲ့ ကျောက်ကျင်းတွေ အဲဒီ တုန်းကလည်း ရှိခဲ့တယ်။ နောက်ပိုင်း အဲဒီကျောက်တောင်စောင်းကို
မိုင်းခွဲပြီး အိမ်ဆောက်ဖို့ မြေညှိတာတွေ ရှိခဲ့တယ်။ အဲဒီလို လုပ်တာကြောင့် အခုလို
ပြိုကျရတာပါ။ ကျောက်တောင်စောင်း တစ်လျှောက်လုံးမှာ အက်ကြောင်းတွေ ရှိတယ်။ နောက်ထပ်
မိုးသည်းရင် ကျောက်တုံးတွေ ထပ်ပြိုလာနိုင်တယ်။ ဒီအနီးအနားက နေထိုင်သူတွေ အကုန်လုံး
စိုးရိမ်စိတ်နဲ့ နေနေရတာဖြစ်လို့ တာဝန်ရှိသူတွေဘက်က အသိပညာပေးတာတွေ လုပ်ဆောင်ပေးစေချင်ပါတယ်”
ဟု ဒေသခံ မအေးအေးဝင်းက ပြောသည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တောင်ကြီးမြို့၌
ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက် သွားမည်ဟု ပြောဆိုထားသော်လည်း
မြို့ပေါ် ၂၂ ရပ်ကွက်တွင် နှစ်စဉ် မိုးရွာသွန်းချိန်၌ ရေကြီးရေလျှံမှုများ ဖြစ်ပွား
နေလျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ စံပယ်လမ်း၊
ရတနာလမ်းသွယ် အပါအဝင် နေရာအချို့၌ ဇူလိုင်လ ၃ ရက်က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊
မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.