တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား စည်ပင်မှ တားမြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား စည်ပင်မှ တားမြစ်


ဗျတ္တ
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈)၊ တိုင်းရင်းသားပေါင်းစုံသုဿာန်သွားလမ်းဘေးရှိ ဗောဓိမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနက ယနေ့ ဩဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် တားမြစ်ခဲ့သည်ဟု သိရသည်။
.
.
ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝါယမ ဦးဆောင်၍ ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်း အတွက် အောက်ခံဖောင်ဒေးရှင်း တူးဖော်နေစဉ် ယနေ့ ဩဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက စည်ပင်သာယာရေးဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆရာတော်ထံက သိရသည်။
.
“သူတို့ပြောတာကတော့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်တဲ့အတွက် တားမြစ်တယ်လို့ပြောတယ်။ ကျောင်းခြံစည်းရိုး ကာတာကိုခွင့်ပြုချက်မရှိဘဲ လုပ်လို့မရတာနားမလည်ဘူးလားလို့လည်း ပြောတယ်။ ကျောင်းမြေနေရာနဲ့ ပတ်သက်ပြီး အလှူရှင်တွေလှူဒါန်းထားတဲ့ အထောက်အထားတွေ အားလုံးရှိပါတယ်” ဟုဆရာတော် ဦးဝါယမ က ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
.
အဆိုပါကျောင်းမြေနေရာအား သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များမှ လှူဒါန်းထားခြင်း ဖြစ်ပြီး ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆရာတော်မှ ဆက်လက် မိန့်ကြား ခဲ့သည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးနေလင်းအား ကမ္ဘောဇတိုင်း မှ ဆက်သွယ်မေးမြန်းရာတွင် လူကြီးလမ်းကြောင်း လိုက်နေရသည့်အတွက် ပြန်လည် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုခဲ့သည်။
.
ထို့အတူ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်းထူးကလည်း “ပိုင်ဆိုင်ကြောင်း အထောက်အထားအတွက် ဂရန်နဲ့ တိုက်စစ်ရမယ် ထင်ပါတယ်။ အဲဒီကိစ္စက ကျွန်တော်တော့ မသိသေးပါဘူး” ဟု ပြောဆိုခဲ့သည်။
.
ဗောဓိမဏ္ဍိုင်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် ဦးဝါယမ(ဓမ္မာစရိယ/ကမ္မဋ္ဌာနာစရိယ)အပါအဝင် သံဃာတော် ၂၄ ပါးသီတင်းသုံးလျက်ရှိပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်သင်ကြား ပေးလျက်ရှိကာ သင်တန်းသူ/သား ၂၀၀ ခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats