စုလှိုင်
.
ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု
ခံယူနေသည့် တောင်ကြီးမြို့မှ COVID-19 ပိုးတွေ့ အတည်ပြုလူနာ အမှတ် (၄၇၇) နှင့်
ဆက်စပ်သူ မိသားစုဝင် ၆ ဦး၏ ဓါတ်ခွဲနမူနာများကို ရယူထားပြီး ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန
(NHL) သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်သည်ဟု သိရသည်။
.
.
“လူနာနဲ့ ဆက်စပ်တဲ့သူရဲ့ ဓါတ်ခွဲနမူနာ ယူထားပါတယ်။ သူ့ညီမပါ။
ရန်ကုန်ကနေ တောင်ကြီးပြန်လာတာပါ။ ရောက်တာတော့ ကြာပြီ။ သူနဲ့ နောက်ဆုံးထိတွေ့ခဲ့တာ ဩဂုတ်လ
၇ ရက်ကတည်းကပါ။ ဒါပေမဲ့ စိတ်ချရအောင် သူ့ကို Quarantine ထားပြီး ဓါတ်ခွဲနမူနာ ယူထားပါတယ်။
သူက တိုက်ရိုက်ထိတွေ့သူဖြစ်ပြီး သူ့မိသားစု ၅ ယောက် ပါမယ်။ အားလုံး ၆ ယောက်ပါ။ မနက်ဖြန်
ပေးပို့သွားမှာပါ” ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး
ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ လူနာအမှတ် (၄၇၇) သည် တောင်ကြီးမြို့၊
ဘုရားဖြူရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြည်ပသို့ ခရီးသွား
ရာဇဝင်နှင့် ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသူဖြစ်ကာ ဩဂုတ်လ
၂၂ ရက်တွင် ဖျားနာ၊ ချောင်းဆိုးသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့သူဖြစ်ကြောင်း
သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဩဂုတ်လ ၂၆ ရက်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၇၄ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက်
၆ ဦး သေဆုံး၍ ၃၄၁ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.