မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊
ယမ်းခေါင်ကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းတွင် ဩဂုတ်လ ၇ ရက်၊ ညနေပိုင်းက
ငွေကျပ်သိန်းပေါင်း ၉၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးအားဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း သိရသည်။
.
.
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၇ ရက်၊
ညနေ ၅ နာရီ အချိန်ခန့်က တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ယမ်းခေါင်ကျေးရွာ၊
ကျောက်ခွဲစက်အနီး၊ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းပေါ်တွင် မူးယစ် ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ်
ယမ်းခေါင်ရွာဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ဖော်ကျူနာ အမျိုးအစား အနက်ရောင်မော်တော်ယာဉ်အား
ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ
အဆိုပါနေရာမှ ကိုက် ၅၀ ခန့်အကွာတွင် ယာဉ်အား ရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်း ထွက်ပြေး
တိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ စိမ်း/ဝါ/နီကြား
ဆာလာအိတ်များဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးဟုယူဆရသည့် စုစုပေါင်းဆေးပြား ၆၄
သိန်းပြား၊ ကာလတန်ဘိုး ကျပ်သိန်း ၉၆၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆီးရမိမှုနှင့် ပတ်သက်၍ တိမ်းရှောင်နေသူ
ယာဉ်မောင်းအား တာချီလိတ်မြို့မရဲစခန်း တွင် မယ (ပ) ၁၀၉/၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.