နန်းထက်ထက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင်
ဩဂုတ်လ ၂ ရက်က တန်ဖိုး ငွေကျပ် သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဩဂုတ်လ ၂ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် သတင်းအရ
ကြိုတင်စောင့်ဆိုင်းနေစဉ် အားတုန် မောင်းနှင်ပြီး အားဝေ လိုက်ပါစီးနင်းလာသည့် Tiger အမျိုးအစား မော်တော်ယာဉ်နှင့် ယားပါ (ခ) ကျက မောင်းနှင်လာသည့် Honda
Wave အမျိုးအစား မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ အားတုန် မောင်းနှင်လာသည့်
မော်တော်ယာဉ် နောက်ခန်း ထိုင်ခုံပေါ်မှ ဆာလာအိတ် ၂ အိတ်ဖြင့် ထည့်ထားသည့် မက်သာအက်ဖီတမင်း
(အိုက်စ်) ၃၀ ထုပ်၊ စုစုပေါင်းအလေးချိန် ၃၀ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး အားတုန် နေထိုင်ရာ
ပါလျှံ (၂) ရပ်ကွက်ရှိ နေအိမ် အိပ်ခန်းအတွင်းမှ မက်သာအက်ဖီတမင်း(အိုက်စ်) အလေးချိန်
၁ ကီလိုခန့်ပါ ၁ ထုပ်နှင့် ၉၀၀ ဂရမ်ခန့်ပါ ၁ ထုပ်အား ထပ်မံတွေ့ရှိ
ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူများအား
တာချီလိတ်မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော
ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များ ဖော်ထုတ်စုံစမ်းလျက်ရှိကြောင်း
သိရသည်။
.