မင်းဇော်မင်း .
တာချီလိတ်မြို့တွင် သြဂုတ်လ ၂၈ ရက်၊ နေ့လယ်ပိုင်းက ဆိုင်ကယ် TAXI ပြေးဆွဲသူ၏ လည်ပင်အား ဓါးဖြင့် ထောက်၍ ဖုန်း လုယက်ကာ ထွက်ပြေးသူ လူငယ် အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ဆိုင်ကယ် TAXI ပြေးဆွဲသူ ကိုခမ်တီးဖုန်ရမ်းသည် အားချာနှင့် လော်ဖီးတို့ ၂ ဦးကို တာချီလိတ်မြို့၊ ၀မ်ကောင်းဈေးမှ ပန်စလိကျေးရွာသို့ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ စီဖြင့် လိုက်လံ ပို့ဆောင်စဉ် ပန်စလိကျေးရွာ အကျော်သို့ အရောက်တွင် လော်ဖီးမှ ကိုခမ်တီးဖုန်ရမ်း၏ လည်ပင်းအား အရိုး/အသွား တစ်ပေခွဲခန့်ရှိ ဓားဖြင့် လှီးမည် ပြုသဖြင့် ကိုခမ်တီးဖုန်ရမ်းက လော်ဖီ၏ လက်ကို ဖမ်းဆွဲ၍ လိမ်လိုက်ရာ ၎င်းမှ ဓားအား လွှတ်ကာ ဖုန်းအား ယူဆောင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
ယင်းကဲ့သို့ ဆိုင်ကယ် TAXI ပြေးဆွဲသူအား ဓားဖြင်လှီးရန်ပြု၍ ဖုန်း လုယက်သူ တာချီလိတ်မြို့၊ ပါလျံ(၂) ရပ်ကွက်၊ အာခါဈေးတွင် အိမ်ခန်းငှားနေသူ အားချာနှင့် လော်ဖီးတို့ကို ယင်းနေ့ ည ၁၀ နာရီခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မ ရဲစခန်း (ပ) ၃၁၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။