ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး အမည်စာရင်း တင်းသွင်းထားမှုအား ရုပ်သိမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး အမည်စာရင်း တင်းသွင်းထားမှုအား ရုပ်သိမ်း

ကိုစိုး (ကမ္ဘောဇတိုင်း)
.
၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် အမည်စာရင်း တင်သွင်းထားသည့် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦး၏ အမည်စာရင်းတင်သွင်းထားမှုအား ရုပ်သိမ်းပေးရန် ပြည်ခိုင်ဖြိုးပါတီက တင်ပြထားသည်ဟု သိရသည်။
.

.
အဆိုပါ အမည်စာရင်းတင်းသွင်းထားမှုအား ရုပ်သိမ်းပေးရန် တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး မှာ ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးခွန်သူရအောင်၊ လွိုင်လင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ အမည်စာရင်းတင်သွင်းထားသူ ဦးခွန်ဒီဂေါလ်၊ ကလောမြို့နယ်မဲဆန္ဒ နယ်အမှတ် (၁) မှ အမည်စာရင်း တင်သွင်းထားသူ ဦးမြတ်စိုးတို့ဖြစ်ကြောင်း သိရသည်။
.
“ကိုယ်ရေးကိုယ်တာ အကြောင်းကြောင်းကြောင့် တင်ဖြစ်တာပါ။ ပါတီက ဖိအားပေးတာမျိုးတော့ မရှိပါဘူး။ ပါတီ အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်လည်း ပါတာပေါ့။ တင်သွင်းတာ အားလုံး ၃ ယောက်ပါ။ ကလောက တစ်ယောက်ရယ်၊ ကျွန်တော်ရယ်၊ ၂ ကြိမ်ဆက် တာဝန်ထမ်းဆောင်ပြီးတဲ့ လွိုင်လင်က ဦးခွန်ဒီဂေါလ်တို့ပါ” ဟု ဦးခွန်သူရအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ဦးခွန်ဒီဂေါလ်ကလည်း “ကျွန်တော်တို့ သဘောဆန္ဒအရ တင်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့်၊ ကျန်းမာရေး အခြေအနေအရ နုတ်ထွက်တာပါ” ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ နုတ်ထွက်မှုနှင့် ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူအချို့မှလည်း ဝေဖန် ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “နုတ်ထွက်စာတင်တာ ဟုတ်ပါတယ်။ သူတို့သဘောဆန္ဒ ရော ပါတီရဲ့ သဘောတူညီချက် နှစ်ဘက်သဘောအရပါ။ ကိုယ်စားလှယ်လောင်းစာရင်းတွေ ဒီနေ့ ကော်မရှင်မှာ စိစစ် နေပါတယ်။ ကော်မရှင်က အတည်ပြုပြီးရင်တော့ ထုတ်ပြန်ပေးမှာပါ။ ကျွန်တော်လည်း မိုင်းဆတ်ကပဲ ပြန်ပြိုင်မှာပါ” ဟု ပြောဆိုခဲ့သည်။
.
လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီး၏ လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းများကို သက်ဆိုင်ရာပါတီများမှ ထုတ်ပြန်နေကြသော်လည်း လက်ရှိ ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းအထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီအချို့မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ထုတ်ပြန်ကြေညာခြင်း မပြုသေးချ။
.

Journal Download

Photo of three cats