မင်းဇော်မင်း
.
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်နေသဖြင့်
လင်းခေးခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ လင်းခေး၊ မိုင်းပန်နှင့် မိုင်းတုံမြို့နယ်များမှ
မြစ်ကမ်းဘေး ဒေသအချို့တွင် လူနေအိမ်နှင့် လယ်ကွင်းများ၊ ဈေးဆိုင်ခန်း များ၌ ရေဝင်ရောက်မှု
ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
.
.
“မိုင်းပန်မြို့နယ်ထဲမှာ မြစ်အနောက်ဘက်ကမ်းက အိမ် ၅ လုံးက လူ ၁၀ ဦးကို ခေတ္တ
ပြောင်းရွှေ့ထားပါတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်းက ဆန်နဲ့ လိုအပ်တာတွေ
ပံ့ပိုးထားပြီး လိုအပ်တဲ့ကိစ္စတွေကို ဌာနဆိုင်ရာအနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
နှစ်စဉ် ဖြစ်နေကျ မြေစ်ရေကြီးမှုပါ။ ရေတော့ ကျစပြုနေပါပြီ” ဟု မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးစိုးမင်းထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လမ်းအထူးအဖွဲ့ (၅)
မှ အင်ဂျင်နီယာ ဦးကျော်မင်းခိုင်တို့ ပါဝင်သော အဖွဲ့သည် ယနေ့ ဩဂုတ်လ ၂၃ ရက်က အဆိုပါ
မြစ်ရေဝင်ရောက်နေသည့် အိမ်ထောင်စုများ၏ အခြေအနေအား သွားရောက် ကြည့်ရှုခဲ့ပြီး လက်ရှိ
အခက်အခဲဖြစ်ပေါ်နေသည့် အိမ်ထောင်စုများကို ဌာနမှဆောက်လုပ်ထားသည့် ငွေသောင်ယံ ခန်းမ၌
ခေတ္တပြောင်းရွှေ့နေထိုင်စေလျက်ရှိကြောင်း သိရသည်။
.
ထို့အတူ လင်းခေးမြိုန့ယ်၊ လင်းခေး-ဟိုမိန်းလမ်းပိုင်းရှိ သံလွင်မြစ်နှင့်
နမ့်တိန်းချောင်းဆုံရာ တာဆွတ်တိန်းကူးတို့ဆိပ် ရှီ လူနေအိမ်နှင့် ဈေးဆိုင်ခန်းများ၌လည်း
ရေဝင်နစ်မြုပ်မှုများ ရှိနေကြောင်း သိရသည်။
.
“မြစ်ကမ်းဘေးက ဆိုင် ၁၀ ဆိုင်လောက် နစ်ပါတယ်။ အားလုံး ရေလွတ်ရာ
ပြောင်းရွှေ့နေကြပါတယ်” ဟု အဆိုပါ ဒေသရှိ တပ်မတော်အရာရှိတစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လင်းခေးခရိုင် လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ
ဦးခင်မောင်ဝင်းအား ဆက်သွယ်မေးမြန်း ရာတွင် ရေမြုပ်နေသည့် ဆိုင်အရေအတွက်ကို မသိရသေးသော်လည်း
မြစ်ရေကြီးမှု မှန်ကန်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
.
သံလွင်မြစ်အရှေ့ဘက်ခြမ်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင်မူ
ဝမ်းဆာလားကျေးရွာရှိ လယ်အချို့ ရေဝင်နစ်မြုပ် လျက်ရှိပြီး မြစ်ကမ်းဘေး နေအိမ်တစ်လုံးလည်း
ရေနစ်မြုပ်နေသဖြင့် အိမ်ထောင်စုတစ်စု ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း
သိရသည်။
.
“လယ်ဧက ဘယ်လောက်ဆိုတာ မပြောနိုင်သေးသလို ရေမကျသေးတဲ့အတွက် ဘယ်လောက်ထိခိုက်သွားမယ်
ဆိုတာ ပြောလို့မရသေးပါဘူး။ ရွာထဲတော့ ရေဝင်ပေမဲ့ မမြုပ်ပါဘူး။ ပုံမှန်ရေကြီးနေကျ ဆိုပေမဲ့
နည်းနည်းတော့ ကြီးတယ်။ မိုး ဆက်ရွာရင် ပိုကြီးလာနိုင်တယ်။ ဝမ်းဆာလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
ဦးစိုင်းအောင်လင်းက ပြောသည်။
.
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်အရ ဩဂုတ်လ ၂၂ ရက်က
ကွမ်းလုံမြို့ရှိ သံလွင်မြစ်ရေမှာ ၇၆၅ စင်တီမီတာတွင် ရှိနေပြီး ယနေ့ ဩဂုတ်လ ၂၃ ရက်တွင်
၆၆၂ စင်တီမီတာသာ ကျန်ရှိကြောင်း သိရသည်။
.