ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အား လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း RCSS ထုတ်ပြန်ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အား လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း RCSS ထုတ်ပြန်ကြေညာ


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အား လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ယမန်နေ့ ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
ထိုအပြင် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အား မှတ်တမ်းတင်ပေးခဲ့သည့်အတွက် RCSS အနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ယင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။
.
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးများကို ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ တင်သွင်းလာသော အဆိုပြုချက်များအား ညှိနှိုင်းဆွေးနွေးပြီး ရရှိလာသည့် အဆိုပြုချက်များကို ပြည်ထောင်စု သဘောတူ စာချုပ် အစိတ် အပိုင်း (၃) အဖြစ် သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အစည်းအဝေးသို့ တက်ရောက်လာသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နေပြည်တော်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးများ တက်ရောက် ခြင်း အပါအဝင် (၉) ကြိမ်မြောက် JICM အစည်းအဝေးသို့ တက်ရောက်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲတွင် အဖွင့်အမှာစကား ပြောကြားခြင်း၊ နေပြည်တော်တွင် ရောက်ရှိနေစဉ် ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လက်ရှိနိုင်ငံရေး အခြေအနေ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာသံတမန်များနှင့် အမြင်ချင်းဖလှယ် ဆွေးနွေး ခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းများအနက် တစ်ဖွဲ့ အပါအဝင်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျှံတွင် ဌာနချုပ် ဖွင့်လှစ်ထားရှိ ကြောင်း သိရသည်။
.

Journal Download

Photo of three cats