ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အဖွဲ့ နေပြည်တော်သို့ ထွက်ခွာမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အဖွဲ့ နေပြည်တော်သို့ ထွက်ခွာမည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အဖွဲ့သည် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးနှင့် JICM အစည်းအဝေးများ တက်ရောက်ရန်အတွက် ဌာနချုပ် လွယ်တိုင်းလျဲန်းမှ နေပြည်တော်သို့ ဩဂုတ်လ ၉ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
.

.
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက် အထိ နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကိုလည်း နေပြည်တော်၌ပင် ကျင်းပသွားမည် ဖြစ်ရာ အဆိုပါအစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် RCSS ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ယနေ့ ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
ထို့အပြင် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့သည် နေပြည်တော်တွင် ရောက်ရှိနေစဉ် ကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန်အတွက် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိနေကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး အောင်မြင်စွာကျင်းပ နိုင်ခြင်းနှင့် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခြင်းသည် ယုံကြည်မှုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ဖက်ဒရယ် တည်ဆောက်ရေးကို များစွာအထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည်။
.

Journal Download

Photo of three cats