မင်းဇော်မင်း
.
ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်မှ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့သို့
ရောက်ရှိလာသူ ၂၇ နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ ရင်ခွင်ပိုက် ကလေးတစ်ဦး၊ ယာဉ်မောင်းနှင့်
အတူပါ ခရီးသည် ၂ ဦးတို့အား ပုံပါကျင်၌ Quarantine ထားရှိထားကြောင်း သိရသည်။
.
.
အဆိုပါ အမျိုးသမီးနှင့် ကလေးငယ်သည် ဩဂုတ်လ ၅ ရက်က ခင်ပွန်းသည်
ရှိရာသို့ သွားရောက်ရန် စစ်တွေမြို့မှ Golden Myanmar လေကြောင်းလိုင်းဖြင့်
ရန်ကုန်သို့ ရောက်ရှိလာပြီးနောက် အငှားယာဉ်ဖြင့် အဖျောက်မြို့သို့ သွားရောက်ပြီး ၂
ရက်ခန့် နေထိုင်ခဲ့ကာ ပုံပါကျင်တွင် တာဝန်ကျနေသူ ၎င်း၏အမျိုးသားမှ ဩဂုတ်လ ၇ ရက်တွင်
သွားရောက်ခေါ်ဆောင် သဖြင့် ဒို့ညီနောင်ယာဉ်ဖြင့် တောင်ကြီးမြို့သို့ ဩဂုတ်လ ၈ ရက်တွင်
ရောက်ရှိလာပြီး ဩဂုတ်လ ၂၇ ရက်တွင် တောင်ကြီးမှ ပုံပါကျင်သို့ လပြည့်ဝန်းကားဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
“ထွက်လာတာ သြဂုတ်လ ၅ ရက်ဆိုတော့ ခုဆို ၂၂ ရက်ကြာခဲ့ပါပြီ။ Silence Carrier ဖြစ်မှာစိုးရိမ်ပါတယ်။ ရခိုင် ဘယ်မြို့ကပဲလာလာ Querantine ဝင်ရမှာဖြစ်ပါတယ်။ တို့ဖတ်နမူနာကို
ဒီနေ့ယူပြီး မနက်ဖြန် (သြဂုတ်လ ၂၈ ရက်) မှာ ကျိုင်းတုံကို ပို့ပါမယ်” ဟု မိုင်းတုံမြို့နယ်
ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့်လည်း ခရီးသည်တင်ဆောင်ပြေးဆွဲရာတွင်
သတိပြုစေလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
“လမ်းပိုင်း ခရီးသည်တင်တာနဲ့တော့ပတ်သက်ပြီး
သီးခြားညွှန်ကြားချက်မရှိပါဘူး။ ရခိုင်ပြည်နယ်ကလို့ သိတာနဲ့ Home Querantine ထားရှိခဲ့ပါတယ်။ အဖြေရပြီးမှပဲ
ရောဂါကျန်းမာရေးညွှန်ကြားချက်များနဲ့အညီ ဆက်လက်လုပ် ဆောင်ပါမယ်” ဟု
မိုင်းတုံမြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က ပြောသည်။
.
ထို့အတူ ပုံပါကျင်တာဝန်ကျ ကျန်းမာရေးမှူး ဦးမြင့်စိုးထွန်းကလည်း
“ပုံပါကျင်ကို ည ၇ နာရီခွဲမှာ ရောက်တာပါ။ သိသိချင်း မိသားစု ၃ ဦး၊ ဒရိုင်ဘာ ၁ ဦး၊ အတူလာခရီးသည်
၂ ဦး၊ စုစုပေါင်း ၆ ဦးကို Home Quarantine ထားပြီး လမ်းညွှန်ချက်များနဲ့အညီ
စောင့်ကြည့်နေပါတယ်” ဟု ပြောဆိုခဲ့သည်။
.
၎င်းတို့၏ ဓါတ်ခွဲနမူနာများအား သြဂုတ်လ ၂၈ ရက် ရက်တွင်
ရယူကာ ကျိုင်းတုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပုံပါကျင်မြို့သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်
ဒေသတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၏ တောင်ဘက်အကျဆုံး မြို့တစ်မြို့ဖြစ်ကြောင်း
သိရသည်။
.