ပင်လုံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ရေပိုက်လိုင်းများ ပျက်စီးခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, August 28, 2020

ပင်လုံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ရေပိုက်လိုင်းများ ပျက်စီးခဲ့


စုလှိုင်
.
လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ် အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့အား သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ရေပိုက်လိုင်းများ ပျက်စီးမှု ဖြစ်ပွားခဲ့ပြီး ပြန်လည် ပြုပြင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
.
 တောင်ကျရေ အရမ်း များသွား တော့ ပိုက်တွေက ရေသန်ပြီး ပျက်ကုန်တာပါ။ တစ်ဘက်ပိတ် ဆိုတော့ ရေအားက ကြီးသွားပြီး သွယ်တန်းထားတဲ့ ပိုက်တွေကို ဆောင့်တွန်း လိုက်သလိုဖြစ်တော့ အကုန်ပြတ် ကုန်တာပါ။ လက်ရှိတော့ ပြန်လုပ်နေတယ်။ အမြန်ဆုံး နေ့မအား ညမနား လုပ်နေပါတယ်ဟု လွိုင်လင်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲလှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်းပျက်ဆီးသွားသည့် ရေပိုက်လိုင်းများအား ယနေ့ ဩဂုတ်လ ၂၈ ရက် တွင် ပြန်လည် ပြင်ဆင်ပြီး ဖြစ်ကာ ၃၀ ရက်တွင် မြို့သို့ ရေ ပြန်လည် ဖြန့်ဖြူး‌ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
.
ပိုက်တွေက ၈ လက်မပိုက် ဆိုတော့ အရစ်ပြတ်သွားတဲ့ ဟာတွေကို အရစ်ပြန်ဖော်တာတွေ လုပ်နေတယ်။ နောက်တစ်ကြိမ် ရေကြီးရင် ပိုက်တွေ ပြုတ်ထွက်တာ ထပ် မဖြစ်အောင် တောင်ခြေကနေ ဘက်ဟိုးနဲ့ ကုတ်ပြီး မြှုပ်သွားပါမယ်ဟု ဦးရဲလှိုင်က ပြောဆိုသည်။
.
ပင်လုံမြို့ သောက်သုံးရေ ဖြန့်ဝေပေးရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် တစ်ဘက်ပိတ်ဆည် ကန်မှ  မြို့သောက်သုံးရေ အတွက် ရယူ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ပင်လုံမြို့ သောက်သုံးရေ ဖြန့်ဝေရေးလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး ရေမီတာ တစ်ယူနစ်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် နေ့စဉ် ၇ နာ ရီကြာ သောက်သုံးရေ ဖြန့်ဝေပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သောက်သုံးရေကို ပင်လုံမြို့ပေါ် ရပ်ကွက် ၄ ခုမှ လူဦးရေ ၅၀၀၀၀  ခန့်နှင့် တောင်သူ လယ်သမား ၁၅၀ ဦးတို့အတွက် ဖြန့်ဝေပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About