နမ့်စန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြောင်းနှင့် စပါးခင်းအချို့ ရေဝင်ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြောင်းနှင့် စပါးခင်းအချို့ ရေဝင်ပျက်စီး


မင်းဇော်မင်း
,
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ဩဂုတ်လ ၃ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပြောင်းခင်းနှင့်စပါးခင်းအချို့ရေဝင်ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
.



.
အဆိုပါ ရေဝင်နစ်မြုပ်မှုကြောင့် ပြောင်းခင်း ၅၉ ဧကကျော်နှင့် မိုးစပါး ဧက ၈၀ ကျော် ရေနစ်မြုပ် ပျက်စီးလျက် ရှိကြောင်း သိရသည်။
.
“နမ့်လပ်ချောင်းနဲ့ နမ့်ပါချင်းချောင်းတို့က မိုင်းစိပ်ဘက်က လာတဲ့ တောင်ကျချောင်းတွေဖြစ်လို့ မြို့အနိမ့်ပိုင်း ရပ်ကွက် (၁) ဘက်က အိမ်ထောင်စု ၁ဝ လောက်ကို ရေကြီးလာရင် ရွှေ့နိုင်ဖို့ အဆင်သင့်လုပ်ထားပါပြီ၊ ရေကင်းတွေနဲ့ စောင့်ကြည့်နေပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ မီးသတ်ဌာနတွေကအစ လူထုအဆုံး အားလုံး စောင့် ကြပ်နေကြပါတယ်၊ ပြောင်းခင်း ၅၉ ဧက ကျော်ကတော့ ပျက်စီးသွားလို့ အထက်ဌာနတွေကို တင်ပြထားပြီး မိုးစပါးက တော့ ဒီအတိုင်းမိုးဆက်ရွာပြီး ရေမြုပ်နေမယ်ဆိုရင် ပျက်စီးနိုင်ပါတယ်” ဟု နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သြဂုတ် ၃ ရက် ကရွာသွန်းခဲ့သည့် မိုးသည်းထန်မှုကြောင့် မိုင်းစိပ်ကျေးရွာအုပ်စုဘက်မှ စီးဆင်းလာသည့် နမ့်လပ် ချောင်းနှင့် နမ့်ပါချင်းချောင်းများ ရေကြီးရေလျှံမှုကြောင့် နမ့်စန်မြို့နယ် ဝမ်ပိန်းကျေးရွာအုပ်စုနှင့် အမှတ် ၅ ကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားရှိသည့် ပြောင်းခင်းများ ထိခိုက်ခဲ့ရာ မိုက်ကမ်းကျေးရွာတွင် တောင်သူ ၂၃ ဦး၏ ပြောင်းခင်း ၁၁၅ ဧက၊ ဟိုမကျေးရွာတွင် တောင်သူ ၁၃ ဦး၏ ၅၉ ဧက၊ အွန်သောင်းကျေးရွာတွင် တောင်သူ ၉ ဦး၏ ၂၄ဧက ၊ မတ်ဆတ်ကျေးရွာတွင် တောင်သူ ၄ ဦး၏ ၇ ဧက ၊  အမှတ် (၉)ကျေးရွာတွင် တောင်သူ ၁ ဦး၏ပြောင်းခင်း ၁ ဧက တို့ ရေနစ်မြုပ်မှုကြောင့် အပင်များ ယိုင်လဲမှု၊ အဆစ်များ ကျိုးပျက်မှုများ ဖြင့် စုစုပေါင်း တောင်သူ ၅၀ ဦး၏ ပြောင်းခင်း ၂၀၆ ဧက ထိခိုက်ခဲ့ပြီး အဆစ်များကျိုးပျက်ခဲ့သည့် ပြောင်းခင်းဧက ၅၉ ဒသမ၂၅ ဧက မှာ ပျက်စီးသွားသော်လည်း ကျန် ၁၄၆ ဒသမ ၇၅ ဧကမှာမူ မိုးဆက်မရွာပါက ပြန်လည်ကောင်းမွန်နိုင်ချေရှိသည်ဟု ၎င်းက ပြောသည်။
.
မိုင်းစိပ်ဘက်ရှိ ကွင်းအမှတ် ၃/၄/၅ တွင်လယ်သမား ၈၀ ဦးစိုက်ပျိုးထားရှိသည့် မိုးစပါး ၈ဝ ဧကမှာ ရေနစ်မြုပ်လျက်ရှိသော်လည်း ရေကျသွားပါက မပျက်စီးနိုင်သော်လည်း ၈ရက်ခန့် ရေနစ်မြုပ်ပါက ပျက်စီးနိုင်သည့်အခြေအနေတွင်ရှိနေသည်ဟု ၎င်းက ပြောသည်။
.
ထို့အပြင် မိုးဆက်လက်ရွာသွန်းပါက တောင်ကျချောင်းများ ရေကြီးလာနိုင်သည့်အခြေအနေရှိသဖြင့် မြေနိမ့်ရပ်ကွက် ဖြစ်သည့် အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု ၁၀၀ ခန့်ကို ရွေ့ပြောင်းနိုင်ရေးအဆင်သင့်ပြင်ဆင်ထားရှိကြောင်းနှင့် ချောင်းရေမှာ ကမ်းနဖူးသို့ ထိစပ်နေသည့် အခြေအနေသို့ရောက်ရှိနေသဖြင့် မိုးဆက်လက်ရွာသွန်းပါက စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်းသိရသည်။
.
“အားလုံး သတိနဲ့ လိုအပ်တာတွေ အဆင်သင့်ပြင်စောင့်ကြည့်နေကြပါတယ်။ မြို့ပေါ်မှာ မိုးနည်းသွာပေမဲ့ တောင်ကျချောင်းဖြစ်လို့ အထက်ဘက်မှာ မိုးရွာနိုင်ပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့လွှတ်တော်ကိုယ်စားလှယ်များ၊ မီးသတ်ဌာနအားလုံး ရေကြီးနိုင်တဲ့နေရာတွေ ကို သွားရောက်စစ်ဆေး ပြီး လိုအပ်တာတွေ လုပ်ဆောင်နေကြပါတယ်” ဟု နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ ကပြောသည်။
.
တောင်ကြီးမြို့ရှိ မိုးလေဝသ တိုင်းတာရေးစခန်းမှာ တိုင်းတာရရှိသည့် မိုးရေချိန်များအရ သြဂုတ်လ ၃ ရက်တွင် နမ့်စန်မြို့၌ ၁ ဒသမ၆ လက်မ ၊ သြဂုတ်လ ၄ ရက်တွင် ဝ ဒသမ ၇၁ လက်မတို့ရွာသွန်းခဲ့ပြီးတောင်ကြီးမြို့တွင် သြဂုတ်လ ၄ ရက်၌ ၃ ဒသမ ၄၆ လက်မ ရွာသွန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်များအရ သိရှိရပါသည်။
.

Journal Download

Photo of three cats