နမ္မတူတွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား ပို့ဆောင်ပေးသူများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူတွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား ပို့ဆောင်ပေးသူများနှင့်အတူ ဖမ်းမိ


စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့တွင် ဩဂုတ်လ ၂၃ ရက်က တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၂၀ ဦးအား ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
နမ္မတူမြို့နယ်ရဲတပ်ဖွဲ့၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၃ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က တရားမဝင် တရုတ်နိုင်ငံသား ဝင်ရောက်လာကြောင်း သတင်းအရ နမ္မတူမြို့၊ ရပ်ကွက် (၃) မြို့နယ်တရားရုံးရှေ့ လမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် မန်တုံမြို့နယ်၊ ပန်ဝါကျေးရွာဘက်မှမန်စံကျေးရွာဘက်သို့ ယာဉ်မောင်း အောင်ထွန်းလေး၊ နမ္မတူမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်နောက် လိုက်  အောင်ယုပန်၊ နမ္မတူမြို့နယ်နေသူတို့ လိုက်ပါမောင်းနှင်လာသော HiLux  Tiger 4WD အပြာရောင်မော်တော်ယာဉ်ပေါ်မှ တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသား ၁၅ ဦးအား လည်းကောင်း၊ လမ်းပြအဖြစ် KENBO-125 အမျိုးအစားမော်တော် ဆိုင်ကယ်ဖြင့် စီးနင်းလာသူ ကျော်ဝမ်း (ခ) နေလင်း အားလည်းကောင်း၊ စိုးသူရ မောင်းနှင်သည့် CANDA-125 ဆိုင်ကယ် အနောက်တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား တစ်ဦးအားလည်းကောင်း၊ ဇော်လင်း မောင်းနှင်လာသည့် KENBO-125 အစိမ်းရောင်မော်တော်ဆိုင်ကယ် အနောက်တွင် အထောက်အထားမဲ့ တရုတ် နိုင်ငံသား တစ်ဦးအားလည်းကောင်း၊ ကျော်မင်းဦး မောင်းနှင်သည် GANBO-125 အနီရောင်ဆိုင်ကယ် အနောက်တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား တစ်ဦးအားလည်းကောင်း၊ ဇော်မြင့်သောင်း မောင်းနှင်လာသည့် CANDA-125 အနက်/အနီရောင်ဆိုင်ကယ်နောက်တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား တစ်ဦးအားလည်းကောင်း၊ အောင်နိုင် မောင်းနှင်လာသော CANDA-125 အစိမ်းရောင် ဆိုင်ကယ်နောက်တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား တစ်ဦးအားလည်းကောင်း၊ စုစုပေါင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးနှင့် ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား ၈ ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများသည် မန်တုံမြို့နယ်၊ ပန်ဝါကျေးရွာဘက် ဝင်ရောက် လာပြီး နမ္မတူ-သီပေါ-မန္တလေးမှတစ်ဆင့်  မြဝတီမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
.
ယင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၀ ဦး၊ မြန်မာနိုင်ငံသား ၈ ဦးတို့အား  နမ္မတူ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats