မူဆယ်တွင် NLD ပါတီ ဆိုင်းဘုတ်များအား အိမ်ရှင်များက ဖြုတ်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် NLD ပါတီ ဆိုင်းဘုတ်များအား အိမ်ရှင်များက ဖြုတ်ချ


စိုင်းသိင်္ခသူ
.
မူဆယ်မြို့နယ်ရှိ ကျေးရွာအချို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဆိုင်းဘုတ်များအား အိမ်ရှင်များက ဖြုတ်ချခဲ့ကြကြောင်း သိရသည်။
.
မူဆယ်မြို့နယ်၊ တော်ရွက်ရပ်ကွက်နှင့် ကောင်းနားကျေးရွာ၊ နမ့်လှိုင်ကျေးရွာများရှိ နေအိမ်များတွင် တပ်ဆင်ထားသည့် ပါတီ ဆိုင်းဘုတ်များအား အိမ်ရှင်များက မူဆယ်မြို့နယ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ပြောင်းလဲ ပြင်ဆင်မှုအပေါ် မကျေနပ်သဖြင့် ၎င်းတို့သဘောဆန္ဒအရ ဖြုတ်ချခဲ့ခြင်း ဖြစ်ကြောင်း NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးထင်ပေါ်ထံက သိရသည်။
.

“ အိမ်ရှင်တွေက သူတို့သဘောနဲ့ သူတို့ ဖြုတ်ချကြတာပါ။ လူထုက ရွေးချယ်လိုက်တဲ့ဒေါ်စန်းစန်းထွေးရဲ့ နေရာမှာ ဦးစိုင်းထွန်းကိုကို ကို ရွေးချယ်လိုက်တဲ့အပေါ် သူ့ကို(ဒေါ်စန်းစန်းထွေး) လေးစား ချစ်ခင်ကြတဲ့ ကျေးရွာက အိမ်ရှင်တွေက ဆိုင်းဘုတ်တွေကို ဖြုတ်ချကြတာပါ။” ဟု ဦးထင်ပေါ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
တော်ရွက်ရပ်ကွက်ရှိ အိမ်ရှင် ဦးအိုက်ဆိုင်၏ နေအိမ်မှ ပါတီ ဆိုင်းဘုတ်အား ဩဂုတ်လ ၁၁ ရက်တွင် လည်းကောင်း၊ ဖိုင်ကျောင်းကျေးရွာ၊ ကောင်းနားကျေးရွာမှ အိမ်ရှင် မအိဖြူနှင်းနှင့် နောင်ဆိုင်ကျေးရွာအုပ်စု၊ နမ့်လျိုင်ရွာမှ ဦးစိုင်းထွန်းနိုင်တို့၏ နေအိမ်မှ ပါတီဆိုင်းဘုတ်အား ဩဂုတ်လ ၁၃ ရက်၌ လည်းကောင်း အသီးသီး ဖြုတ်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကိုယ်ပိုင် နေအိမ်များတွင် ရုံးခန်းများ၊ အခမဲ့အသုံးပြုခွင့်၊ ဆိုင်းဘုတ်များ တင်ခွင့်ကို လုပ်ဆောင်ပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အချို့က ဒေသ အခြေအနေကို သိရှိခြင်း မရှိဘဲ ဒေသခံပြည်သူတို့၏ အသံကို အလေးထား ဂရုမစိုက်ဘဲ မှားယွင်းသော ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်း စိတ်ပျက်မိသောကြောင့် ဆိုင်းဘုတ်များကို ဖြုတ်သိမ်းမည် ဖြစ်ပြီး အသုံးပြုခွင့် ပေးတော့မည် မဟုတ်ကြောင်း NLD ပါတီ ရုံးခန်းအဖြစ် နေအိမ်များအား အသုံးပြုခွင့် မပေးတော့ကြောင်းနှင့် ပါတီ ဆိုင်းဘုတ် ဖြုတ်ချခြင်းအား အကြောင်းကြားသည့်စာများတွင် ဖော်ပြပါရှိကြောင်း သိရသည်။
.
“ ဒေါ်စန်းစန်းထွေးကို ချစ်ကြတဲ့ သူတွေက နောက်လူ ပြောင်းတာကို လက်မခံကြတာ၊ ပါတီရဲ့ သဘောထား မဟုတ်ပါဘူး။ အခုလည်း ဒေါ်စန်းစန်းထွေးက တစ်သီးပုဂ္ဂလ ဝင်ပြီလို့ သိရတယ်၊ စိတ်မကောင်းကြပါဘူး။” ဟု မူဆယ်မြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ ဦးကျော်ငွေက ပြောသည်။
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် မူလက ဒေါ်စန်းစန်းထွေးအား ရွေးချယ်သတ်မှတ်ပြီးနောက်  ဦးစိုင်းထွန်းကိုကို အား အစားထိုး ပြင်ဆင်သတ်မှတ်ခဲ့မှု အပေါ် မူဆယ်မြို့နယ်မှ မဲဆန္ဒရှင် ၆၀၀ ကျော်က ဩဂုတ်လ ၆ ရက်တွင် NLD ပါတီရုံးချုပ်သို့ လက်မှတ်ရေးထိုး၍ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats