နန်းထက်ထက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် ဩဂုတ်လ ၆ ရက်က
ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၆ ရက်က မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-လားရှိုး
သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ်
မိုင်းရယ်မြို့နယ်ဘက်မှ လားရှိုးမြို့ဘက်သို့ မိုင်းရှူးမြို့၊ ရပ်ကွက်
(၄)နေသူများဖြစ်သည့် မနန်းဆိုင်ဆာ မောင်းနှင်ပြီး မနန်းဟွမ်လှိုင် စီးနင်းလိုက်ပါလာသည့်
မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦး၏ ခန္ဓာကိုယ်ပေါ်တွင်
သိုဝှက်သယ်ဆောင်လာသော စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ်သိန်း
၁၀၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မိုင်းရယ်မြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်
အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.