မင်းဇော်မင်း
.
မူဆယ်မြို့တွင် သြဂုတ်လ ၂၅ ရက် ၊ ညနေပိုင်းက အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာ ၄င်း၏နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးကြောင်း မူဆယ်မြို့မရဲစခန်းမှ အတည်ပြု ပြောကြားသည်။
.
" သေဆုံးတာ မှန်ပါတယ်၊ ပ နံပါတ် (ပုဒ်မ)ကတော့ မသိရသေးပါဘူး" ဟု အမှုဖွင့်ထားသည့် အခြေအနေကို သြဂုတ်လ ၂၆ ရက်တာဝန်ကျ ရဲဝန်ထမ်းမှ ပြောသည်။
.
မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ ၄၅ ကုန်း (လ၀ကုန်း)၊ အမှတ် ၂၇၇ နေ သေဆုံးသူအမျိုးသမီးသည် နေအိမ်ရှေ့ ခြံတံခါးဝတွင် ရပ်နေစဉ် အရပ်ဝတ်လူ ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
" ခု ချိန်ထိတော့ နောက်ဆက်တွဲသတင်း တက် မလာသေးဘူး၊ လူ ၂ ယောက် ဆိုင်ကယ် တစ်စီးနဲ့ သူ့အိမ်ရှေ့မှာ သူ့ကို သေနတ်နဲ့ လာ ပစ်သွားတာလို့ပဲ ကနဦး သိထားသေးတယ်။" ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။
.
ထို့အတူ မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း ကလည်း “ ပစ်ခတ်မှု ဖြစ်တာ မှန်ပါတယ်။ ရဲကတော့ အမှု ဖွင့်လိုက်ပါပြီ။ ပတ်ဝန်းကျင် CCTV တွေကနေ တဆင့် ရဲတပ်ဖွဲ့က စုံစမ်းနေပါပြီ။” ဟု ပြောသည်။
.
ယင်း နေအိမ်ရှိ CCTV မှတ်တမ်းတွင် နှာခေါင်းစည်းများ တပ်ဆင်ထားပြီး ဦးထုပ်ဆောင်းထားသည့် လူ ၂ ဦးပုံကို တွေ့ရှိထားပြီး တရားခံများပေါ်ပေါက်ရေးအတွက် ရှာဖွေ စုံစမ်းလျက်ရှိကြောင်း သိရသည်။