မိုင်းတုံတွင် ဆုံဆို့နာလူနာအသစ်များ ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် ဆုံဆို့နာလူနာအသစ်များ ထပ်မံတွေ့ရှိ


မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၂၃ ရက်က ဆုံဆို့နာ လူနာအသစ်များ ထပ်မံတွေ့ရှိကြောင်း မိုင်းတုံမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းထံက သိရသည်။
.

.
“အရင် ၇ ယောက်လုံးက သက်သာပျောက်ကင်းလို့ ဆင်းသွားပြီ။ အခုက လွန်ခဲ့တဲ့ ၂ ရက်က တစ်ယောက်နဲ့ ဒီနေ့ မနက်လာပြတာက တစ်ယောက်ပါ။ အခု “ဝ” ဒေသ ကျန်းမာရေးဌာနက ကွင်းဆင်းလို့ တွေ့ထားတဲ့ ၅ ယောက် အပါ စုစုပေါင်း ၇ ယောက်ရှိမယ်။ ကွင်းဆင်းအဖွဲ့ကတော့ ဒီနေ့ နမ့်ယွန်းအထိ အရေးပေါ်တုံ့ပြန်မှု ကာကွယ်ဆေး ထိုးနှံခြင်းအခြေအနေတွေ သွားကြည့်နေပါတယ်” ဟု ဒေါက်တာသက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
CEUWHOEPI မှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက် တို့ ပါဝင်သော အဖွဲ့သည် ဆုံဆို့နာတွေ့ရှိရာ ကျေးရွာများနှင့် တုံ့ပြန်ကာကွယ် ဆေးထိုးစုရပ်များကို ကွင်းဆင်းကြီးကြပ်နေပြီး ယနေ့ ဩဂုတ်လ ၂၃ ရက်တွင် “ဝ” အထူးဒေသ ဟွေအော ကျန်းမာရေး အဖွဲ့မှ ကွင်းဆင်းတွေ့ရှိခဲ့သည့် လူနာသစ် ၅ ဦးနှင့် “ဝ” အထူးဒေသ၊ ဟိုပန်ဟိုရွက်မှ လူနာတစ်ဦး စုစုပေါင်း လူနာသစ် ၆ ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
မိုင်းတုံဆေးရုံတွင် ယခင် တက်ရောက်ကုသနေသည့် ဆုံဆို့နာလူနာ ၇ ဦးမှာ သက်သာပျောက်ကင်းပြီး ဆေးရုံမှ ဆင်းသွားပြီဖြစ်ကာ လက်ရှိ ဆေးရုံရှိ  လူနာအဟောင်း တစ်ဦး၊ လူနာအသစ် ၆ ဦး စုစုပေါင်း ၇ ဦးကို အဆိပ်ဖြေဆေး ပေး၍ကု သလျက်ရှိကြောင်း ၎င်းထံက သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်ကျော်ထံမှ Emergancy Operation Center –EOC စာရင်းအရ ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးတွင် ဆုံဆို့နာ လူနာ ၁၀၇ ဦး ရှိနေကြောင်း သိရသည်။
.
ထို့အတူ မိုင်းဆတ်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျာကလည်း မိုင်းဆတ်မြို့နယ်အတွင်းရှိ “ဝ” အထူးဒေသ၊ ရီခြွန်းရွာတွင် ဆုံဆို့နာ လူနာ ၇ ဦးအထိ တွေ့ရှိရကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြ ထားသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးတွင် ဆုံဆို့နာ ရောဂါကြောင့် သေဆုံးမှု အနေဖြင့် တာချီလိတ်တွင် ၆ ဦး၊ မိုင်းခတ်တွင် ၂ ဦးနှင့် မိုင်းဆတ်တွင် ၂ ဦး၊ စုစုပေါင်း ၁၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ မိသားစုဝင်သော်လည်းကောင်း၊ အနီးအနားမှ အိမ်နီးချင်းများ သော်လည်းကောင်း၊ ဖျားနာ၊ လည်ပင်းနာ၊ အစာမျိုမရပါက နီးစပ်ရာကျန်းမာရေးဌာန သို့ အမြန်ဆုံးပြသကြပါရန်နှင့် အသက် ၁၅ နှစ်အောက် ကလေးများ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံကြရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats