မိုင်းဆတ်တွင် ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်တွင် ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ မြို့မယာယီပျံကျဈေးတွင် ဩဂုတ်လ ၁၁ ရက်က ခွေးရူးရောဂါ ကာကွယ် တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.

.
“မိုင်းတုံ၊ မိုင်းဆတ်မှာ ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ လုပ်သွားဖို့ စီစဉ်ထားပါတယ်။ COVID-19 ကြောင့် နောက်ကျနေပေမဲ့ အခုတော့ အသိပေးစာစောင်တွေ ဖြန့်ဝေနေပါတယ်” ဟု မိုင်းဆတ် ခရိုင် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နိုင်ထွန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.
ခွေးရူးရောဂါနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေရန်နှင့် ခွေးရူးရောဂါကာကွယ် ရေး သိကောင်းစရာများကို ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်တွင် ခွေးရူးရောဂါ ကူးစက်ခံရမှု နည်းလမ်းများ၊ ခွေးရူးရောဂါဖြစ်နေကြောင်း ခွဲခြားသိနိုင်သည့် နည်းလမ်းများ၊ လူတွင် ခွေးရူးရောဂါကူးစက်ခံရပါက ဖြစ်ပေါ်တတ်သောရောဂါလက္ခဏာများ၊  ခွေးကိုက်ခံရပြီးပါက ခွေးရူးရောဂါကာ ကွယ်ဆေး မဖြစ်မနေ ထိုးရမည့် အခြေအနေများ၊ အိမ်တွင်မွေးမြူထားသော ခွေး/ကြောင်များအား ခွေးရူး ရောဂါမှ ကြိုတင်ကာကွယ်သော နည်းလမ်းများ၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ဆက်သွယ်နိုင်မည့်လိပ်စာများ ပြည့်စုံစွာ ပါရှိကြောင်း သိရသည်။
.
“စည်ပင်ဌာနရဲ့ အကူအညီနဲ့ ခွေးသားဆက်ခြား လုပ်နိုင်ရင်တော့ ကောင်းမယ်။ ခွေးဖမ်းထိန်းပေးမယ့်သူရှိမှ ဒီလုပ်ငန်း က လုပ်နိုင်မှာပါ။ ခွေးလေခွေးလွင့် ထိန်းသိမ်းရေးကတော့ စည်ပင်နဲ့ အဓိကဆိုင်ပါမယ်။ ခွေးရူးရောဂါကာကွယ်ဆေးကတော့ ပြည်နယ်ကချပေးရင်ထိုးပေးပါတယ်”ဟု ဒေါက်တာနိုင်ထွန်းဦးက ဆက်လက် ပြောဆိုခဲ့သည်။
.
မိုင်းဆတ်မြို့နယ်တွင် ပြီးခဲ့သည့် ၂ လအတွင်းက ခွေးရူးကိုက်ခံရသဖြင့် သေဆုံးသူ ၂ ဦး ရှိခဲ့ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ ခွေးရူးရောဂါ ကာကွယ်ရေးစာစောင် ၂၀၀ ကို မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ခရိုင် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများမှ မိုင်းဆတ်ယာယီမြို့မဈေးသို့ လာရောက်သူများ၊ လက်ဘက်ရည် ဆိုင်များသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats