မင်းမင်း
.
သတင်း မီဒီယာများ၏ သတင်းမေးမြန်းမှုကို ဖြေကြားပေးရန် ကြပ်မတ်
ထိန်းကျောင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ
ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စ တုတ္ထ တစ်နှစ်တာ ပြည်သူ့အတွက် လုပ်ငန်း
ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲကို ဩဂုတ်လ ၁၇ ရက် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်
အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးက
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
“ဝန်ကြီးတွေ အနေနဲ့ မအားရင် မအားတဲ့အကြောင်း မီဒီယာတွေကို ပြန်ဖြေပေးတာ
ရှိပါတယ်။ ဒါပေမဲ့ ဌာနဆိုင်ရာတွေက အမှား ပါသွားမှာ ကြောက်တယ်။ သက်ဆိုင်ရာဝန်ကြီး ဌာန
လက်အောက်မှာ ရှိတဲ့ဌာနတွေကို သတင်းမီဒီယာတွေနဲ့ ပတ်သက်လာရင် ဖြေကြားပေးဖို့ ကြပ်မတ်ထိန်း
ကျောင်း လမ်းညွှန်သွားပါမယ်”ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အပါအဝင် ပြည်နယ်
အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင် ရာ တာဝန်ရှိသူများ အနေဖြင့် သတင်းမီဒီယာများမှ
ဖုန်းဖြင့် ဖြစ်စေ၊ SMS ဖြင့် ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ကြောင်း
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်သူ့အတွက် တတိယ
တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ
ပြောဆို ထားသော်လည်း ဌာနဆိုင်ရာအချို့မှ ဖြေကြားမှု မရှိကြောင်း သိရသည်။
.
သတင်းမီဒီယာ နည်းဥပဒေ ပုဒ် မ ၃၁ (က)တွင် အများပြည်သူ သိခွင့် ရှိသော သတင်းအချက်အလက်များကို
ထုတ်ပြန်ရန် တာဝန် ရှိသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနများ မဆို အများပြည်သူ
သိခွင့်ရှိသော သတင်းအချက် အလက်များ၊ ဓာတ်ပုံ၊ သရုပ်ဖော်ပုံ၊ ကိန်းဂဏန်း၊ စာရင်းဇယားများကို
တောင်းယူ ကြည့်ရှုရာတွင် လည်းကောင်း မိတ္တူ ကူးယူခွင့် ရယူရာတွင် လည်းကောင်း တာဝန်ရှိသူသည်
ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ငြင်းဆန်ခြင်း၊ အချိန်ဆွဲခြင်း မရှိစေရဟု ဖော်ပြပါရှိသည်။