ရှမ်းပြည်နယ်တစ်ခုလုံးတွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းရှိ


ကိုစိုး (ကမ္ဘောဇတိုင်း)
.
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့ ဩဂုတ်လ ၉ ရက်၊ နံနက်အစောပိုင်းမှ စတင်၍ ပညာရေးဝန်ကြီးဌာနက အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ်တစ်ခုလုံးတွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၆၂၄၂၃ ဦး ရှိသည့်အနက် အောင်မြင်သူ ၁၇၀၂၁ ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း အနေဖြင့် ၂၇ ဒသမ ၂၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
.
ဒေသတစ်ခုချင်း အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၄၁၇၅၈ ဦး ရှိသည့်အနက် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၃၉၂၆၃ ဦး၊ အောင်မြင်သူ ၁၀၃၁၈ ဦးဖြင့် ရာခိုင်နှုန်းအားဖြင့် ၂၆ ဒသမ ၂၆ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စာရင်းပေးသွင်းထားသူ ၁၉၂၆၈ ဦး ရှိသည့်အနက် ဖြေဆိုသူ ၁၈၁၂၃ ဦးဖြင့် အောင်ချက် ၃၁ ဒသမ ၁၈ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စာရင်းပေးသွင်းထားသူ ၅၄၆၉ ဦး အနက် ဖြေဆိုသူ ၅၀၃၇ ဦး၊ အောင်မြင်သူ ၁၀၅၂ ဦးဖြင့် အောင်ချက် ၂၀ ဒသမ ၈၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ဂုဏ်ထူးရရှိမှုအနေဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးတွင် ၆ ဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၄၀ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၀၂ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၃၀၂ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၅၇၆ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၉၄၈ ဦး ရှိပြီး ဂုဏ်ထူးရှင် စုစုပေါင်း ၂၉၇၆ ဦး ရှိကြောင်း သိရသည်။
.
ထူးခြားချက်အနေဖြင့် ရှမ်းပြည်နယ်အတွင်း ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ကိုယ်အင်္ဂါ မသန်စွမ်း ၉ ဦး ရှိသည့်အနက် အောင်မြင်သူ ၃ ဦး ရှိခဲ့ကြောင်း သိရသည်။
.
ယမန်နှစ် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကာလက ရှမ်းပြည်နယ်တစ်ခုလုံးတွင် ဖြေဆိုသူ ၅၆၅၅၈ ဦး ရှိသည့် အနက် ၁၅၉၈၀ ဦး အောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၂၅ ရာခိုင်နှုန်း ရှိခဲ့ရာ ယခုနှစ်တွင် အောင်ချက် ရာခိုင်နှုန်း အနည်းငယ် ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း အနေဖြင့် မန္တလေးတိုင်းဒေသကြီးက ၃၇ ဒသမ ၅၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ရရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသက ၂၀ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံးဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats