အာခံတွင်း ကြာညိုနံ့ သင်းချင်လား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာခံတွင်း ကြာညိုနံ့ သင်းချင်လား


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
သွားဆောင်းပါး
လွန်ခဲ့သော နှစ်ပေါင်း ၃၅ နှစ်ကျော်၊ ၁၉၈၀ ပြည့်နှစ်အလွန် များ၌ ကျွန်တော်သည် သွားဗဟုသုတ ပေးချင်သော စိတ်ဖြင့် က လောင်ပြန်ကိုင် ဖြစ်သည်ကို အမှတ်ရလာ၏။ တွန်းအားပေးသူ မှာ သွားနှင့်လေသူစာရေးဆရာမ အမျိုးသား စာပေဆုရှင် မလေး လုံဖြစ်ပါသည်။ စားအိမ်သောက်အိမ် မိသားစုဝင်တစ်ဦးကဲ့သို့ အ လွန်ရင်းနှီး ခင်မင်ခဲ့ကြသူများပီပီ၊ စာပေစိတ်ဖြင့် သံယောဇဉ်ကြီး ခဲ့ကြ၏။ ဆေးကျောင်း မပြီးသေးမီ ကာလ ၁၉၇၀ ပြည့်နှစ် ဝန်း ကျင်မှာပင်၊ ကျွန်တော်တို့ မမကြီး (မွေးဖော် မိန်းကလေး ၄ ဦးအ နက် အကြီးဆုံးမို့)ဟု ခေါ်ကြသော မလေးလုံသည် အမျိုးသမီး မဂ္ဂဇင်း သီးသန့် ထုတ်ဝေချင်စိတ် အားသန်ခဲ့၏။ ထုတ်ဝေခွင့် မှတ်ပုံတင် ရရှိရန် အလွန်ပင် ခက်ခဲ ကျပ်တည်းသော ခေတ်ဖြစ် သည်။ ဆရာဝန် မဖြစ်မီကပင် သူ့စိတ်ကူးယဉ် မဂ္ဂဇင်းအတွက် သွား ဗဟုသုတပေး ကဏ္ဍကို ထည့်လျာထားပြီးဖြစ်၍ ကျွန်တော့် အား လစဉ် ရေးပေးပါရန် ချိတ်ဆက် တာဝန်ပေးထားခဲ့ပါ၏။ ၁၅ နှစ် ကြာတော့မှ မဂ္ဂဇင်း ထုတ်ဝေခွင့် အမိန့် မှတ်ပုံတင်နံပါတ် ရရှိသည်။ ကျွန်တော်ကား တောင်ကြီးမြို့ ဒေသန္တရ ကျန်းမာရေး ဌာန၌ သွားဘက်ဆိုင်ရာ ဆရာဝန်အဖြစ် အစိုးရ အမှုထမ်းနေချိန် ပါ။ ၁၉၈၄ ခုနှစ် ကုန်ခါနီး စာတစ်စောင် ရောက်လာ၏။ သွား ဆောင်းပါး ရေးပို့ပါရန် တောင်းခံလွှာ ဖြစ်သည်။ အားရဝမ်းသာ စွာပင် ရေးပေးပါ၏။ ကလောင်နှင့် လက် ၁၄ နှစ်ခန့် ကင်းကွာခဲ့ ပြီးမှ စာပေ စတင် ပြန်လည်ရေးသားဖြစ်ခြင်းမို့၊ စာမူတောင်းသူ မမကြီးကို အလွန် ကျေးဇူးတင်ရပါမည်။ အကြောင်းမှာ အစရှိ လျှင် နောင်အစဉ်တစိုက် မပြတ် မပြတ် ကလောင်ကိုင်မိကာ၊ အ ခြားအကြောင်းအရာများတို့ကိုလည်း ရေးသား ဖြစ်ရသော ကြောင့် ဖြစ်ပါသည်။ အမျိုးသမီး စာရေးဆရာမ ၃ ဦး တစ်ပြိုင် တည်း မဂ္ဂဇင်း ထုတ်ဝေခွင့် ကျသဖြင့် မလေးလုံက လုံမလေး၊ ခင်ဆွေဦးက စံပယ်ဖြူ၊ ကလျာ(ဝိဇ္ဇာ/သိပ္ပံ)က ကလျာမဂ္ဂဇင်းဟူ ၍ အပြိုင်အဆိုင် မြိုင်မြိုင်ကြီး ထွက်လာကြပါသည်။
.

ထိုစဉ်ကာလတုန်းက သွား ဆရာဝန်တွေ အလွန် နည်းပါး သေး၏။ ကလောင်ကိုင်နိုင်စွမ်း ရှိသူတို့ကား ပိုမို၍ နည်းပါးရှား ပါးလှသော ကာလ သမယပါ။ စာမူတောင်းလွှာတွေ ရောက် ရောက်လာ၍ အားနာတာရော ဝါသနာရော စာမရေးရ မနေနိုင် တာရော ပေါင်းစပ်မိရာ ဖော်ပြပါ အမျိုးသမီး ဦးဆောင် မဂ္ဂဇင်း သုံးအုပ်အပြင်၊ အလွန် ရေပန်းစားနေသော ဝင်းဦး၏ စန္ဒာ၊ မမြတ် လေး၏ မြတ်လေး၊ မြတ်တန်၏ ချယ်ရီ၊ အလွန်ကိန်းခန်းကြီး သော မဟေသီတို့၌ပင်လျှင် ရံဖန်ရံခါ ဝင်စွာမိတတ်ခဲ့ပါသေး၏။ သွား ဆောင်းပါးများ အနေနှင့် ပုဒ်ရေ ၁၅၀ ခန့်ပင် စာရင်းပေါက် ခဲ့ဖူး၏။ ကျွန်တော့် ညံ့ချက်ကား ဆောင်းပါးပေါင်းချုပ် မစုစည်း မထုတ်ဝေဖြစ်ခဲ့ခြင်းပါ။ ခုလည်း သွားနှင့်ဆိုင်သော အကြောင်း အရာကို အလွန်မတန် ရေးခဲပါ၏။ အမာခံ စာဖတ်ပရိသတ်များ က သွားဆရာဝန်ကို ကွင်းဖွင့် ကွင်းပိတ်ဖြင့် အထူးဝိသေသ ပြု ထားသော ကလောင် ဖြစ်ပါလျက် ဘာကြောင့် သွားအကြောင်း မရေးပါသနည်း။ ရေးပါဦး။ ဖတ်လို သိလိုပါသည် စသည်အားဖြင့် နားပူနားဆာ ပြုတတ်ကြလှ၏။ လူချင်းဆုံလျှင် သူတို့ သိလိုရာ ရာ သွားအကြောင်းကိုသာ ဦးစားပေး မေးမြန်းဆွေးနွေးလေ့ ရှိ မြဲဖြစ်၏။ ယခုတလော အမေးအပြုများ နေသည်မှာ အာခံတွင်း အနံအသက် မကောင်းခြင်းကို မည်သို့ ဆောင်ရွက်သင့်ပါသလဲ ဟူသော အကြောင်းခြင်းရာ ဖြစ်နေတတ်ပါ၏။ ထို့ကြောင့် သွား အကြောင်း ဆောင်းပါး တစ်ပုဒ်တော့ဖြင့် ကမ္ဘောဇ သတင်းဂျာ နယ်မှာ ရေးပါမည် ဆုံးဖြတ်ချိန်တွင်၊ အာခံတွင်း အနံ့အသက်ဆိုး ကင်းရှင်းစေရေး ရည်ရွယ်၍ "အာခံတွင်း ကြာညိုနံ့ သင်းချင် လား" ခေါင်းစီးကြီးကို တင်လိုက်ရပါတော့သည်။
.
သွားဖုံးရောင်
"ဒေါက်တာ ကျွန်တော် သွားတိုက်တိုင်း သွေးယိုပါတယ်။ ဘာကြောင့်လဲဗျ"
"သွားဖုံးရောင်လို့ ဖြစ်ပါလိမ့်မယ်"
"ဗျာ။ သွားဖုံးရောင်တာတဲ့လား။ ဘာကြောင့် ရောင်ပါလိမ့်"
"သွားအခြေမှာ ကျောက်တည်တာကြောင့် ဖြစ်မယ်"
"ကျောက်ကပ်၊ သည်းခြေတို့မှာ ကျောက်တည်တာ ကြား ဖူးပါတယ်"
"သွားအမြစ်ရင်း အခြေ၊ သွားဖုံးထိစပ်တဲ့ ဝန်းကျင်မှာ ကျောက်တည်ရင် ကျောက်အချွန်အတက်တွေကြောင့် သွား တိုက်တိုင်းမှာ ထိခိုက်မိပြီး သွေယိုစိမ့်တာပါ"
"ပါးစပ်အနံ့အသက်လည်း မကောင်းလှဘူး ဒေါက်တာ"
"ဟုတ်မှာပေါ့။ ကျောက်မတည်ခင် သွားချေးတွေ စတင်ကပ် နေမယ်။ ဘက်တီးရီးယားပိုးတွေအတွက် တွယ်ခိုပြန့်ပွားဖို့ စား ကျက်ကောင်းပေါ့။ သူတို့က အညစ်အကြေး စွန့်ထုတ်တယ်။ တံ တွေးထဲမှာ ထုံးဓာတ် ပိုမိုပါတတ်တဲ့သူမှာ ကျောက်တည်ဖို့ အ လားအလာ ပိုများသွားတယ်။ ဘက်တီးရီးယား အညစ်အကြေး နဲ့ ထုံးဓာတ်ပေါင်းစပ်ပြီး ကျောက်တည်တာပါ။ တည်စမှာတော့ ပျော့ပျော့ပွပွပါပဲ။ ကြာလာတော့ မာကျစ်သွားရော"
"ဘာလုပ်ရမလဲခင်ဗျာ"
"ကျောက်ခြစ်ထုတ် ခွာထုတ်လိုက်ရမှာ။ သွားဖုံး အရောင် ကျအောင် ဆေးသောက်ဖို့လည်း လိုတယ်။ သွားတိုက်နည်းစနစ် တကျ ဖြစ်ရင် သွားဖုံး ကျန်းမာရေး ရေရှည်ကောင်းမွန်သွားလိမ့် မယ်"
"မကုသရင် ဘာဆက်ဖြစ်မလဲ ဒေါက်တာ"
"ရောဂါဆိုတာ နုတုန်း ကုသဖို့ လိုပါတယ်။ မကုသရင် ရေ စီးကမ်းပြိုရောဂါ အဆင့်ထိ ကြီးကျယ်သွားမှာပေါ့"
"ဗျာ။ ရေစီးကမ်းပြိုကိုတော့ ကြားဖူးနေပါတယ်။ သွားတွေ အကုန် ကြွေပြုတ်ကုန်မှ နားတော့တယ်တဲ့။ ဟုတ်လား ဒေါက် တာ"
"သိပ်ဟုတ်တာပေါ့။ မြစ်ကမ်းပါး အနီးအနား နေဖူးတဲ့သူ တွေ ပိုသိကြတယ်။ ရေတရကြမ်း တိုက်စားရင် ကမ်းပါး မြေတွေ ဟာ ပြိုကျကုန်သလိုပေါ့။ သွားတစ်ချောင်းပြီးတစ်ချောင်း ယိုင် နဲ့လာရာက ပါးစပ်လှုပ်တိုင်း သွားတွေ လှုပ် ပြည်ပုပ်သွေးပုပ်တွေ ကြောင့်လည်း ခံတွင်းနံ့က အလွန်နံစော်သေးတယ်။ အာပုပ်နံ့လို့ ခေါ်တယ်လေ"
.
ကျွန်တော် ဆေးခန်းရပ်နားလိုက်သည်မှာ ၁၅ နှစ်ခန့် ရှိပါ ပြီ။ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးရင်းတွေနှင့် တွေ့ဆုံမိလျှင် သွားအကြောင်းနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းတတ်ကြပါသည်။ ကျောက်တည်စမှာ သန့်ရှင်းရေး ပြုလုပ်လိုက်ရန် အကြုံပြလျှင် တုံ့ဆုတ်တတ်ကြပါသည်။ မြန်မာလူမျိုးတို့၏ ရှေးရိုးဓလေ့အ တိုင်း ရောဂါကို နုတုန်း ကုသရန် မစဉ်းစားကြဘဲ၊ ဆေးမြီးတိုဟု ဆိုသော အလွယ်နည်း ဆေးနည်းတိုဖြင့် စမ်းသပ် ကုသလိုက်ချင် ကြသေး၏။ "လူရုပ်ကျောက်ရုပ် ဇာလေးဒုတ်သေတောင် သွား မပြုတ်"လင်္ကာလေး ရွတ်ဆိုကာ၊ ကန့်ပလူ၊ ပရုပ်၊ ကျောက်ချဉ်၊ ငရုပ်ကောင်း၊ ဇာတိပ္ဖုလ်၊ လေးညှင်း၊ ဒုတ္တာ၊ ဤ ၇ မျိုး ကိုယူ၊ မှုန့်ညက်နေအောင် ထောင်းပြီး သွားခြေသိပ်ပေးက သွားဖုံး ရောင် ပျောက်၏။ သွားပြန်ခိုင်၏တဲ့။ ကျောက်ကတော့ ပိုမြဲမြံ သွားတော့သည်လေ။
.
သွားပိုးပေါက်
ခံတွင်းအနံ့အသက် မကောင်းခြင်း အကြောင်းရင်းတွင် ခံ တွင်း သန့်ရှင်းရေး နည်းပါးသောကြောင့် မူရင်း အချက်တစ်ချက် ပါဝင်နေပါသည်။ အစာစားပြီးတိုင်း၊ အနည်းဆုံးတော့ အာလုတ် ကျင်းကြရပါမည်။ သွားတိုက်နိုင်လျှင် ပိုကောင်း၏။ တစ်နေ့လျှင် မနက်အစာစားပြီး တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ်၊  တစ်ကြိမ် လျှင် ၂ မိနစ် အချိန်ပေး၍ သွားကို စင်ကြယ်အောင် တိုက်သင့်ပါ ၏။ သွားတန်ပွတ်တံနှင့် သွားတိုက်ဆေး သုံးရပါမည်။ ဆေးများ ပြီး အမြှုပ်ထကောင်းသည်ကို မကျေနပ်သင့်၊ သွားတိုက်နည်း စ နစ်ကျ မှန်ကန်ဖို့ အရေးကြီးသည်။ အစားအစာတွင် အမျှင်ကြမ်း ပါ၍ သွားကြားညှပ်တတ်လျှင် အစားအစာ စားပြီးတိုင်း သွား ကြားထိုးတံဖြင့် ကလော်ထုတ် ထိုးထုတ်ရပါလိမ့်မည်။ ကော်မ ထုတ်နိုင်ပါက အချိန်ကြာသည်နှင့်အမျှ ပုပ်ဆွေး နံစော်စေပါ သည်။ ထိုမျှသာမက သွားပိုးစား အပေါက်များ ဖြစ်ပေါ်လာနိုင် သေး၏။ ပိုးပေါက် အခေါင်းတွင်းသို့ အစားအစာများ ဝင်ခိုနေလျှင် လည်း၊ ကြာလျှင် ပုပ်ပွ နံစော်လာ၍ ခံတွင်း အနံ့အသက် မ ကောင်း၊ အာပုပ်စော် နံစေပါတော့သည်။ ယင်း သွားပိုးစား ပိုး ပေါက်များကို အချိန်မီ မကုသလိုက်ပါက ပိုးပေါက် ကျယ်သည် ထက် ကျယ်၊ နက်သည်ထက် နက်သွားကာ အာရုံကြောနှင့် နီး စပ်လာချိန် ကိုက်ခဲနာကျင်လာပါတော့မည်။ နေ့ခင်း၌ အခြား အာရုံ၌ ကျက်စားနေ၍ သိပ်မသိသာသော်လည်း ညအိပ်ရာဝင်၊ တိတ်ဆိတ်၌ ညဉ့်နက်လာလေ သွားကိုက်နာက ပိုသိသာ ထင် ရှားလာလေ၊ နာလွန်းမက ကိုက်နာလာလျှင် အလိုလေး အမ လေး မြည်တမ်း ငိုညည်းကြတော့၏။ သွားကိုက် ဝေဒနာသည် ခေါင်းကိုက်သည်နှင့်လည်း မတူ၊ ဗိုက်နာသည်နှင့်လည်း မတူ အတော်လေး ခံရဆိုးချက် ကြီးမားလှပါသည်။ "ရှိနေနာနေသေး ကုန်မှအေး" အတွေး ပေါက်ကာ သွားနုတ်ပစ်လိုက်ဖို့ကိုသာ ဆုံး ဖြတ်ကြတော့၏။ သံယောဇဉ်က ပြတ်လာပြီကိုး။ ထို့ကြောင့် သွားပိုးပေါက်ခါစမှာ ကြိုတင်ဖာထေး ပြုပြင်ဖို့ ကောင်း၏။
.
လျှာခြစ်ခြင်း
ရှေးလူကြီးတချို့၊ သွားတိုက်တိုင်း လျှာကို နှီးပြားလေးဖြင့် ခြစ်ချသည်ကို တွေ့မြင်ဖူးကြပါလိမ့်မည်။ လျှာသန့်ရှင်းရေး ပြု လုပ်ခြင်း ဖြစ်ပါသည်။ လျှာကို သာမန်ကြည့်က ပြောင်ချောဟု ထင်ရ၏ မဟုတ်ပါ။ မျက်နှာပြင် အထက်သို့ အဖုအထစ် သေး သေး များစွာ ထွက်နေ၏။ အကြားအကြား၌ အညစ်အကြေး ခို နေနိုင်၏။ အညစ်အကြေး ရှိလျှင် ဘက်တီးရီးယား ပိုးများတွယ် ပါပြီ။ ယင်းတို့ စွန့်ထုတ်သော အညစ်အကြေးတွေကလည်း အ နံ့အသက်ဆိုးစေပါသည်။ သေးငယ်လွန်း၍ မရေမတွက်နိုင်ပါ။ သိန်းသန်း မဟုတ်ပါ။ ကုဋေ ကုဋာ ချီပြီး ရှိနေ ပွားများနေကြ၏။ ထို့ကြောင့် လျှာခြစ်ခြင်းသည်လည်း လိုအပ်သလို၊ အာခေါင်လည် မျိုစပ် အထိ အာကလောင်ကျင်းဖို့လည်း အရေးကြီးပါ၏။ ဆား ရည်နွေးနွေးသည် အသင့်တော်ဆုံး ဖြစ်၏။ စားခဲ့သော အချိုအ ချဉ် ငန်စပ် ခါးဆိမ့် ရသာ ခြောက်ပါး၏ အကြွင်းအကျန်များသည် ဆားရည်၌ ပေါလောပေါ်လာပြီး ထွေးထုတ်လိုက်ရ၍ ခံတွင်း ပို မိုသန့်ရှင်း၊ ရောဂါကင်းရုံမျှမက အာခံတွင်း ကြာညို့နံ့သင်း အောင် ခံတွင်း ကျန်းမာရေး ထိပ်တန်းရောက်နိုင်ပါသည်။ နိပါတ် တော်များ၌ ဖုဿဒီမယ်တော်တို့ မာယာဒေဝီ မယ်တော်တို့၊ နတ် သက်မကြွေမီ၊ ကိုးပါးသော ဆုကို တောင်းစဉ်တွင် အာခံတွင်း ကြာညိုနံ့သင်းသော ဆု ပါရှိသည်ကို သတိပြုမိ၏။ သို့ဆိုလျှင် ခံတွင်း ကျန်းမာရေး ကောင်းပါမှ အာပုပ်နံ့ ကင်း၊ ကြာညိုနံ့သင်း နိုင်ရေးသည် မည်မျှ အရေးပါကြောင်း သိသာထင်ရှားပါပြီ။ အ ကြောင်းလည်း သိပ္ပံနည်းကျ မှန်ကန်နေပါ၏။ ခန္ဓာကိုယ်တွင်း ရောဂါ ပေါင်းစုံ၏ ၇၀ ရာခိုင်နှုန်းသည် ခံတွင်းမှ စတင်ပါသည် ဆိုပါ၏။
.
အဆုတ်
ကျွန်တော်သည် သွားနှင့် ခံတွင်း ဆရာဝန် ဖြစ်သည့် အား လျော်စွာ ခံတွင်း အနံ့အသက်ကောင်းမွန်ဖို့ ခံတွင်း၌ ရှိသော သွား၊ သွားဖုံး၊ လျှာ၊ အာခေါင်နှင့် လည်မျို စသည်တို့အကြောင်း ကိုသာ ဦးစားပေး ရေးသားဖော်ပြခဲ့ပါ၏။ ခေါင်းဦးပိုင်းမှာ အနံ့ အသက် မကောင်း ထွက်ခြင်း၌ အာခံတွင်း တစ်ခုတည်းနှင့် မ ဆိုင်ပါချေ။ အဆုတ်သည်လည်း အရေးပါနေ၏။ အနံ့အသက် မ ကောင်းခြင်းသည် အခြားတစ်ပါးသော ရောဂါများကြောင့်လည်း ဖြစ်နိုင်၏။ ခံတွင်းကြောင့်လား၊ အဆုတ်ကြောင့်လား ကွဲပြားသိ နိုင်ရန် အကြမ်းဖျင်း စမ်းသပ်ကြည့်ခြင်း တစ်ရပ် ရှိ၏။ ပါးစပ်စေ့ ထားစေပြီး အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ခြင်းမှ အနံ့ခံကြည့် ခြင်း ဖြစ်၏။ ထွက်သက် ဝင်သက်မှ အနံ့ခံ ကြည့်၍ ပုပ်နံ့ရလျှင် အဆုတ်၌ ပြည်တည်နာဖြစ်စေ၊ အခြား ရောဂါတစ်မျိုးမျိုး ဖြစ် စေ ရှိနေပြီဟု ယေဘုယျ ယူဆနိုင်ပါပြီ။ ဆက်လက်၍ ရောဂါ ရှာဖွေရပါတော့မည်။ ပါးစပ် မပိတ်ထားဘဲ အာခံတွင်းမှ ရရှိသော ပုပ်နံ့သည် ခံတွင်းကြောင့်လည်း ဖြစ်နိုင်သလို အဆုတ်ကြောင့် လည်း ဖြစ်နိုင်၏။ ခံတွင်းဝမှ စအိုဝ အထိ အစာချေလမ်းကြောင်း တစ်လျှောက်လုံးရှိ တစ်နေရာရာ၌ အပြစ်အနာအဆာ တစ်ခုခု ရှိနေလျှင်လည်း ယင်းရောဂါ အထွေထွေတို့ကြောင့်လည်း အာခံ တွင်း အနံ့ပြင်းနိုင်ပါသေးသည်။ ဝမ်းခိုင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်း စမြင်းဒေါသခံခြင်း တို့၌လည်း အပုပ်အပေါ်ဆန်ခြင်းကြောင့် ခံ တွင်း အနံ့အသက် မကောင်းခြင်း ဖြစ်နိုင်သေး၏။ ထို့ထက် ဆိုး သည်ကား၊ ထိုထို အစာချေလမ်းကြောင်း တစ်လျှောက်၊ လည် ပြွန်မှသည် အစာအိမ်၊ အူမကြီး၊ အူသိမ်အူသေး ၊ ကျင်ကြီးအိမ် ကျင်သေးအိမ်၊ စအို ဝန်းကျင် စသည်တို့၌ ကင်ဆာရောဂါ ရရှိနေ ပါက ခံတွင်း အနံ့ဆိုးပါတော့သည်။
.
အနံ့ကိုထိန်း
ရှေးတုန်းက ကျားတံဆိပ် ဗလရှင် ဆေးပြားသည် အနံ့မွှေး ပြီး ပူရှိန်း အရသာကြောင့် ခံတွင်းအနံ့အသက် မကောင်းသူတို့၏ လက်စွဲ ဖြစ်ခဲ့ဖူးပါ၏။ နောင်တော့ ဂျင်တန်ဆိုသော နှမ်းလုံးစေ့ ခန့် (ရွေးစေ့ထက် သေးငယ်) ငုံဆေးတစ်မျိုး ပေါ်လာ၏။ မွှေးပြီး အရသာ တစ်မျိုးထူး၏။ ပရုပ်ကို အခြေခံထားကာ ထုတ်လုပ်ပုံ ရ၏။ ယခုခေတ်သစ်မှာတော့ ခံတွင်းရှင်းပြီး အနံ့သင်းစေရန် ငုံပြီး တွေးရသည့် ခံတွင်းဆေးကြောသည့် လစ်စထရင်းကဲ့သို့ mouth wash ဆေးတွေ အများကြီး ပေါ်လာပါပြီ။ အရောင်အဆင်း အနံ့ အရသာကောင်းသလို ဈေးကလည်း ခေါင်ခိုက်အောင် ကြီးမြင့် ၏။ တမာနံ့ကြိုက်သလား။ သံပရာနံ့ ကြိုက်သလား။ အခြားမွှေး မြသော သဘာဝ အသီးအရွက် အနံ့များလည်း တီထွင်ကြံဆ၊ ပြု လုပ်ရောင်းချနေပါပြီ။ အဖိုးနည်း ဝန်ပါပြီး လွယ်ကူသော ရှေးမြန် မာ့ ဆေးနည်း အချို့ကို ဖော်ပြပေးချင်ပါ၏။ မီးဖိုချောင်၌ အ လွယ်ရှိသော နနွင်းဝါသည် ထိရောက်၏။ သားငါးကိုင်ပြီး ဆား နနွင်း နယ်ထားခြင်းသည် မပုပ်အသိုးအောင် နနွင်းနှင့် ဆားတို့ က ထိန်းထားခြင်းပါတဲ့။ ထို့ကြောင့် နနွင်းသိပ်ခြင်း၊ ဆားရည်ငုံ ခြင်းတို့မှာ ရှေးဦးသုံးသည် ရှေးနည်းတစ်ရပ်ပါ။ ခုနောက်ပိုင်း၊ အိန္ဒိယနည်းဆိုသော၊ အုန်းဆီစစ်ငုံ၊ အာလုတ်ကျင်းခြင်းနှင့် မုန် ညင်းဆီငုံ အာလုတ်ကျင်းခြင်းတို့လည်း အလွန်ထိရောက်သည့် အပြင် သွားပိုးစားခြင်းကိုပါ ကာကွယ်ပါသတဲ့။ သံပရာ ထက် ခြမ်း ကန့်လန့်ခြမ်းပြီး အရည်ညှစ်ထားပါ။ အခွံကို လှန်ပြီး ဆား သိပ်၊ မီးကျည်းခဲမှာ ဖုတ်၊  ကျွမ်းပြီဆိုလျှင် မှုန့်အောင်ထောင်း၊ ညှစ်ထားသည့် သံပရာရည်ဖြင့် ဖျော်စပ်ပါ။ မနက်လက်ဖက်ရည် တစ်ဇွန်း ညလက်ဖက်ရည် တစ်ဇွန်း မှန်မှန်သောက်ပေး။ ၇ ရက် အတွင်း အထူးသက်သာကြောင်း။

Journal Download

Photo of three cats