မင်းဇော်မင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်၊ နောင်ကန်ကျေးရွာရှိ အနာကြီး ရောဂါကုသရေးဌာန ဖွင့်လှစ် ထားသည့် စိန့်ပီတာဘုရားကျောင်းသို့
သွားရောက်၍ လူနာများနှင့် မိဘမဲ့ကလေးများအတွက် ဆန်၊ ဆီနှင့် အလှူငွေ များ သွားရောက်ထောက်ပံ့
ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
“နောင်ကန်အနာကြီးရိပ်သာက နေအိမ်တွေကို ဦးနုလက်ထက်က ဆောက်ပေးခဲ့တာပါ။
ကြာလာတော့ ပြန်ပြင်ပေးဖို့ အစီအစဉ်ရှိ/မရှိ လွှတ်တော်မှာ မေးမြန်းတောင်းခံပေးဖို့ အသင်းတော်က
ပြောတယ်။ နောက်ပိုင်း အစိုးရဆီက ဆေးဝါး ကအစ ဘာအထောက်အပံ့မှ မရဘူးလို့ ပြောတယ်။ အဓိက
သန့်ရှင်းတဲ့ ရေရရှိရေးဖြစ်လို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမယ်လို့ ပြောခဲ့တယ်။
အခု ငွေ ၅ သိန်း၊ ဆန် ၃၀ အိတ်နဲ့ ဆီ ၂ ပုံး ထောက်ပံ့ခဲ့ပါတယ်” ဟု ကျိုင်းတုံမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
နောင်ကန်ကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ကျော် နေထိုင်လျက်ရှိပြီး
အနာကြီးရောဂါဝေဒနာရှင် ကျား ၇ ဦး၊ မ ၂၃ ဦးနှင့် လက်တွဲလုပ်ကိုင်နေသော လူနာ ကျား ၈
ဦး၊ မ ၁၂ ဦး၊ စုစုပေါင်း ၅၀ ဦး ရှိနေကြောင်း သိရသည်။
.
အဆိုပါ ဝေဒနာရှင်များအား ကျိုင်းတုံကက်သလစ်အသင်းတော်နှင့် အလှူရှင်များမှ
ပံ့ပိုးမှုဖြင့် အပတ်စဉ် တနင်္လာနေ့ တိုင်း ဆန်နှင့် သောကြာနေ့တိုင်း အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို
ပေးဝေလျက်ရှိပြီး လုံလောက် ထိရောက်မှု မရှိသော်လည်း သီလရှင်များ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းမှ
ထွက်ရှိသည့် အသီးအနှံနှင့် သားငါးများကို ပေးဝေလျက်ရှိ သည်ဟု သိရသည်။
.
“ရှမ်းရှေ့မှာ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်း လူ ၁၀၀ မှာ ၆ ယောက်လောက်
အနာကြီးရောဂါ ဖြစ်ပွားခဲ့တယ်။ မိုင်းပျဉ်း၊ တုံတာ၊ ကျိုင်းတုံ၊ တာလေနဲ့ တာချီလိတ်မြို့နယ်တွေမှာ
ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းတွေရှိတယ်။ အနာကြီး ရောဂါသည်တွေ သီးသန့်ရွာတည် နေထိုင်ကြပြီး
ခရစ်ယာန်သာသနာပြုဆေးရုံတွေ ရှိခဲ့တယ်။ ၂၀၀၃ နောက်ပိုင်းတော့ ရောဂါဖြစ်နှုန်း လျော့ကျလာပေမဲ့
ဆေးဝါးနဲ့ အထောက်အပံ့တွေ မရရှိတော့ဘူး။ ပြန်လည်ထူထောင်ရေး၊ စားဝတ်နေ ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့
ပညာရေးကဏ္ဍတွေကို အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးစေချင်ပါတယ်” ဟု ဖာသာ စိုင်းပျိန်းက
ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
နောင်ကန်ကျေးရွာ အနာကြီးရောဂါကုသရေး ဌာနသို့ လာရောက်စဉ်က တောင်းခံခဲ့သည့် ကွန်ကရစ်လမ်းနှင့်
မူလတန်းကျောင်းမှာ ရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.
အဆိုပါ နောင်ကန်အနာကြီးရိပ်သာ တည်ဆောက်ရေးအတွက် ၁၉၃၄ ခုနှစ်တွင်
စော်ဘွား စဝ်ခွန်ဆောင်မှ မြေဧက ၁၂၀ ကို လှူဒါန်းပေးခဲ့ပြီး အမေရိကန်ဘက်ပတစ် မစ္စရှင်မှ
ခရစ်ယာန်သာသနာပြု ဒေါက်တာ အာရ် အက်စ် ဘက်ကာ က အနာကြီးရိပ်သာအဖြစ် စတင်တည်ထောင်ခဲ့ကာ
ရိုမန်ကက်သလစ် ခရစ်ယာန်သီလရှင် စစ္စတာ မာရီယာဘမ်ဘီနာ၊ အီတလီခရစ်ယာန်ဘုန်းတော်ကြီး ဖာသာ
ဆီဆာရာ ကိုလွန်ဘို တို့က အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင်
နိုင်ငံခြားသားများ နေထိုင်ခွင့်မရတော့သဖြင့် ပြည်တွင်းရိုမန်ကက်သလစ်အသင်းတော်မှ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.