မင်းဇော်မင်း
.
နေပြည်တော်တွင် ဩဂုတ်လ ၁၃ ရက်က ပြုလုပ်ခဲ့သည့် JICM (၉) ကြိမ်မြောက် အစည်းအဝေးတွင် တက်ရောက် လာသူများအား ငြိမ်းချမ်းရေးဦးဆောင်သူများ
ဆုတံဆိပ် (Peace Steering Prize) များ ပေးအပ်ခဲ့ကြောင်း ယင်း
အစည်းအဝေးသို့ တက်ရောက်ခဲ့သူ UPDJC အတွင်းရေးမှူး
ဦးလှမောင်ရွှေ ထံက သိရသည်။
.
.
“ညွှန်မှူး ဦးဇော်ဌေးက ဆုတံဆိပ်ပေးအပ်ကြောင်း ကြေညာပါတယ်။
မှန်ဘောင်သွင်းထားတဲ့ ဂုဏ်ပြုလက်မှတ်ရယ်၊ ဖန်နဲ့ သစ်သားနဲ့ လုပ်ထားတဲ့
ဆုတံဆိပ်တွေလည်း ခင်းကျင်းပြသပါတယ်။ အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တွေကို ပေးတယ်လို့
နားလည်ပါတယ်။ ကျန်လုပ်ငန်း ဖော်ဆောင်မှုအဖွဲ့တွေအတွက်လည်း ၁၇ ရက် အစည်းအဝေးမှာ ဆက်ပေးမယ်လို့
သိရပါတယ်။ ဒီဆုနဲ့ ပတ်သက်လို့တော့ ခံစားခွင့်မပါဘဲ JICM မှာ ၂၀၁၆ ကနေ ၂၀၂၀ အထိ ငြိမ်းချမ်းရေး
ဦးဆောင်သူတွေကို ချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်” ဟု ဦးလှမောင်ရွှေက ကမ္ဘောဇတိုင်းသို့
ပြောသည်။
JICM (၉) ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၀ နာရီမှ
၁၂ နာရီအထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေးတွင် အစိုးရကိုယ်စားလှယ် ၉ ဦးနှင့် EAO
ကိုယ်စားလှယ်အဖွဲ့ ၁၀ ဦးတို့ တက်ရောက်ခဲ့ကာ အစိုးရကိုယ် စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ရေးထိုးထားသည့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်အဖြစ် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က မိန့်ခွန်းများ ပြောကြားခဲ့သည်ဟု သိရသည်။
.
အဆိုပါ အစည်းအဝေးတွင် သဘောတူညီချက် ၇ ချက် ရရှိခဲ့ပြီး ယင်းသဘောတူညီချက်များ
ရရှိနိုင်ရန် အလုပ်အဖွဲ့ များမှ အကြိမ်ပေါင်းများစွာ Bi-literal ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ JICM အကြိုညှိနှိုင်းမှုများအား
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၂ ရက်အထိ တရားဝင်ဆွေးနွေးပွဲ ၈ ကြိမ် ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
.
JICM ပထမအကြိမ် အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်
၁၇ ရက်အထိ လည်းကောင်း၊ ဒုတိယ အကြိမ် အစည်းအဝေးကို ယင်းနှစ် နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိလည်းကောင်း၊
တတိယအကြိမ်မြောက် အစည်းအဝေးကို ယင်းနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ စတုတ္တအကြိမ် အစည်းအဝေးကို
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ ပဉ္စမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်၊
ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယင်းနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နှင့် သတ္တမအကြိမ် အစည်းအဝေးကို
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တို့တွင် ကျင်းပနိုင်ခဲ့ပြီး ယခု အဋ္ဌမ အကြိမ် အစည်းအဝေးကို
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်တွင်လည်းကောင်း၊ နဝမအကြိမ် အစည်းအဝေးကို ယခု ဩဂုတ်လ
၁၂ ရက်တို့တွင်လည်းကောင်း အသီးသီး ကျင်းပနိုင်ခဲ့ပြီး မူဘောင်အရ ၃ လတစ်ကြိမ် ကျင်းပရန်
ပြဌာန်း ထားခြင်းဖြစ်သည်ဟု သိရသည်။
.
JICM အနေဖြင့် NCA စာချုပ်၏ အခန်း(၇)
အပိုဒ် ၂၉ အရ ကြုံတွေ့ လာသည့်
အခက်အခဲများကို ဖြေရှင်းနိုင်ရန် နှစ်ဘက်ကိုယ်စားလှယ်များပါဝင်သော တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည် ဖော်မှုဆိုင်ရာ
ညှိနှိုင်းအစည်းအဝေး (Joint
Implementation Coordination Meeting – JICM) ကို
ပုံမှန်ကျင်းပရန် သဘောတူညီချက်အရ အစည်းအဝေးများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.