စုလှိုင်
.
တောင်ကြီးနယ်မြေရဲစခန်းမှ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထွက်ပြေးလွတ်မြောက်သွားသည့်
အချုပ်သား ၂ ဦးအနက် တစ်ဦးအား တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ဖမ်းဆီးရမိပြီးနောက် တောင်ကြီးမြို့နယ်သို့
ပြန်လည်ခေါ်ဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ပြန်လည်ဖမ်းဆီးရမိခဲ့သူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဇော်မိုးဌေး
ဆိုသူဖြစ်ပြီး ၎င်းသည် ထောင်ဝင်အမှတ် တက/၀၇ /၀၀၁၀၂/က၊ ရွှေညောင် နယ်မြေရဲစခန်းမှ
မယ (ပ)၄၇/၂၀၁၉ မူး/ စိတ်ပုဒ်မ ၁၆ (က)၊ ၂၁ အမှု မှ တရားခံ ဖြစ်သည့် အပြင် တပ်မတော်အက်ဥပဒေ (၇၁) အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊
အကျဉ်းထောင်ပုဒ်မ ၄၂ အရ ထောင်ဒဏ် ၆ လ၊ အကျဉ်းထောင်ပုဒ်မ ၄၂ အရ ထောင်ဒဏ် ၄ လပြစ်ဒဏ်ချမှတ်ခံထားရသော
ထောင်ကျ အကျဉ်းသား ဖြစ်ကြောင်း သိရသည်။
၎င်းကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်အတွင်းက
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်တွင် လားရှိုးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့
မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ် အချုပ်ဖြင့် ပြန်လည် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း
သိရသည်။
.
တောင်ကြီးနယ်မြေရဲစခန်းမှ အချုပ်သား ၂ ဦးဖြစ်သော အောင်ဇော်ဦးနှင့်
ဇော်မိုးဌေးတို့ ၂ ဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်က အချုပ်ခန်းအမိုးတွင် ကာရံတပ်ဆင်ထားသော
သံချောင်း ၄ ချောင်းကို တွန်း၍ မျက်နှာကျက်မှတစ်ဆင့် အချုပ်ဖောက်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့် တရားခံ အောင်ဇော်ဦးမှာ တောင်ကြီးခရိုင်တရားရုံး၏
ရာကြီး (၂၁၈/၂၀၁၈)၊ မူး/စိတ်ပုဒ်မ ၁၉ (က) အရ ထောင်ဒဏ် ၁၇ နှစ်၊ ရာကြီး (၂၁၉/၂၀၁၈)၊
မူး/စိတ်ပုဒ်မ ၁၉(က) အရ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။
.