စုလှိုင်
.
ပြည်သူလူထုကို ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင်
ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန်၊ ပြည် သူလူထု၏ လိုအင်ဆန္ဒကို လိုက်လျော ဆောင်ရွက်ပေးရန်၊
ငွေကြေး တောင်းခံခြင်း၊ အချိန်ဆွဲခြင်း မပြုဘဲ အဂတိ တရား ကင်းရှင်းစွာဖြင့် စေတနာပါ
ပါ ဆောင်ရွက်ရန် ရှမ်းပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ
ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လဝက ဝန်ထမ်းများအား မှာကြားခဲ့သည်ဟု
သိရသည်။
.
ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး၊
ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးများ
၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမတွင်
ကျင်းပရာ ဦးအောင်မြင့်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြီးခဲ့သည့်
ဇူလိုင် လ ၂၆ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့်
လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ ညွှန်ကြားချက်များအား ခရိုင်နှင့် မြို့နယ် ဦးစီးမှူးများသို့
ရှင်းလင်း ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ခွဲဝေ သတ်မှတ်
ပေးခဲ့သည်ဟု သိရသည်။
.
“အဓိက က ၂၀၂၀ ပြည့်နှစ် နိုဝင် ဘာလ ၈ ရက်မှာ လုပ်မယ့် အထွေထွေ
ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးရမယ့် လူဦးရေ၊ မှတ်ပုံတင် မရှိသေးတဲ့သူကို နိုင်ငံသား စိစစ်ရေးကတ်
ထုတ်ပေးနိုင်တဲ့ လိုအပ်တာတွေကို ဆောင်ရွက်ပေးဖို့ ညွန်ကြား ခဲ့တာပါ။ ရွေးကောက်ပွဲ ကော်မရှင်က
မဲစာရင်းမှာ နံပါတ် မှားတာတွေ၊ နံပါတ်ထပ်တာတွေ တွေ့ရှိရတဲ့အတွက် ရုံးလက်ခံ မှတ်တမ်းနဲ့
တိုက်ဆိုင် စစ်ဆေးပြီး မဲစာရင်းမှာ ပြန်လည် ဖြည့်သွင်း နိုင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့
ပေါင်းစပ် ညှိနှိုင်းရမယ်”ဟု ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ အင်အားဆိုင်ရာရုံးမှ ညွန်ကြားရေးမှူး
ဦးအောင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆက်လက်ပြီး COVID-19 ကာလအတွင်း ကွင်းဆင်း ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည့် အသက် ၁၈
နှစ်ပြည့် ပြီး နိုင်ငံသားများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးနိုင်ရေး ကျန်ရှိသူများကို
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ
ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။
.
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဌာနများ အနေဖြင့်
နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ် ခြင်း၊ အိမ်ထောင်စုဇယား ပြုလုပ်ခြင်း နှင့် မွေးတိုး
စသည့် လဝကဆိုင်ရာ လုပ်ငန်းများ သွားရောက် လုပ်ဆောင်ရာ၌ ငွေကြေး တောင်းခံမှုများ ရှိနေသည်ဟု
ဒေသခံများက ဝေဖန် ပြောဆိုနေလျက်ရှိပြီး ပြည်သူလူထုမှ တိုင်ကြားလာမှုများ ရှိပါက ဝန်ထမ်း
စည်းမျဉ်း၊ စည်းကမ်း ဥပဒေနှင့် ထိထိ ရောက်ရောက် အရေးယူသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး
ဦးအောင်မြင့်က ပြောဆိုခဲ့သည်။