နမ့်စန်မှ သယ်ဆောင်လာသည့် ပြည်ပသို့ ပို့ဆောင်မည့် ငွေကျပ် ၈၀ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးများအား ကွင်းဆက်တရားခံများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်မှ သယ်ဆောင်လာသည့် ပြည်ပသို့ ပို့ဆောင်မည့် ငွေကျပ် ၈၀ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးများအား ကွင်းဆက်တရားခံများနှင့်အတူ ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်၊ ညပိုင်းက လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်မှ သယ်ဆောင်လာပြီး မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံကြား ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၈၀ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများအား ကွင်းဆက် တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၃၁ ရက်၊ ည ၁၀ နာရီခွဲအချိန်ခန့်က လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာ၊ တံငါလှေဆိပ်အနီးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသော NISSAN CARVAN အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်တွင် ရဲဝေလင်း (ခ) အငယ်လေးအား တွေ့ရပြီး ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ အိုက် ၉၉၉ ဒသမ ၈ ကီလို၊ ကာလတန်ဖိုး ကျပ် ၇၉ ဒသမ ၉၈ ဘီလီယံနှင့် Speed Boat တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ထို့နောက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းစစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ် ဆေးများအား ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်ခရိုင်နမ့်စန်မြို့နယ်မှ သယ်ဆောင်လာခြင်းဖြစ်ပြီး ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိ ရေပြင်သို့ သယ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။
.
ယင်း မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် လင်းလင်းထက် (ခ) လင်းငယ်အား ဩဂုတ်လ ၁ ရက်တွင် ဒရုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၇) ရပ်ကွက်၊ ရှုခင်းသာလမ်းရှိ ဟိုတယ်၌ လည်းကောင်း၊ စိုင်းထွန်းလှိုင်အား ဩဂုတ်လ ၃ ရက်တွင် ကရင်ပြည်နယ်၊ လိပ်သိုမြိုန့ယ်၊ ရာဒိုစစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ကျော်ဦး (ခ) တရုတ်အား ဩဂုတ်လ ၄ ရက်တွင် တောင်ကြီးမြို့၊ မီးပုံးပျံကွင်းအနီး၌လည်းကောင်း၊ မမိုးသူဇာ (ခ) မိုးမိုးသူ (ခ) မိုးမိုး နှင့် မမိုးသုကဗျာတို့အား ဩဂုတ်လ ၄ ရက်က ဟိုပုံးမြို့၌လည်းကောင်း၊ သိန်းရာဇ (ခ) သိန်းကြီးနှင့် ချစ်ပိုပို (ခ) ချစ်ပိုတို့အား ဩဂုတ်လ ၉ ရက်က မင်္ဂလာဒုံမြို့နယ်၊ ဂုံညှင်းနီကျူးကျော်ရပ်ကွက်၊ ခတ္တာလမ်း ရှိ နေအိမ်၌လည်းကောင်း Speed Boat ၁ စီး၊ မော်တော်ယာဉ် ၉ စီး၊ နေအိမ် ၃ လုံးတို့နှင့်အတူ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါအမှုမှ ဖမ်းဆီးရမိသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား ယာယီ ချိတ်ပိတ်သိမ်းဆည်းထားရှိပြီး ကွင်းဆက်တရားခံများအား စစ်ဆေးလျက်ရှိကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats