မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်တွင်
ဩဂုတ်လ ၁၆ ရက်၊ နံနက်ပိုင်းက အိမ်စီး မော်တော်ယာဉ် တစ်စီးအား လက်နက်ကိုင်များက ပစ်ခတ်သဖြင့်
ယာဉ်ပေါ်ပါသူ တစ်ဦး ဒဏ်ရာ ရရှိ၍ ကျောက်မဲဆေးရုံ၌ ဆေး ကုသမှု ခံယူနေရကြောင်း သိရသည်။
.
နောင်ချိုမြို့နယ်
၊ အုမ္မခါးကျေးရွာအုပ်စု၊ ငုတ်ကလေးကျေးရွာနေ ဦးမျိုး မောင်းနှင်ပြီး ကျောက်မဲမြို့နယ်၊
လွယ်စောင့်အုပ်စု၊ တောင်ခြေကျေးရွာနေ ဦးအိုက်စော၊ နောင်ချိုမြို့နယ် ၊ အုမ္မခါးကျေးရွာအုပ်စု၊
ငုတ်ကလေးကျေးရွာနေ စိုင်းနေဦးတို့ လိုက်ပါ စီးနင်းလာသည့် မော်တော်ယာဉ်သည် နောင်ချိုမှ
ကျောက်မဲသို့ ဩဂုတ်လ ၁၅ ရက်၊ ညပိုင်းက မောင်းနှင်နေစဉ် အထက်ရဲရွာ ရေအားလျှပ်စစ်သွား
ကားလမ်း မော်မာအုပ်စု၊ ကုန်းညှောင့်ကျေးရွာအကျော်
တစ်မိုင်ခန့် အရောက်တွင် လက်နက်ငယ်များ ကိုယ်စီ ကိုင်ဆောင်ထားကြသော အမည်မသိ အရပ်ဝတ်
၇ ဦးခန့်မှ ယာဉ်အား တားဆီးရာ ယာဉ်အား ရပ်တန့်ပေးခြင်း မပြုသောကြောင့် လက်နက်ငယ်များဖြင့်
၁ဝ ချက်ခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လက်နက်ငယ်များဖြင့်
ပစ်ခတ်မှုကြောင့် ဦးအိုက်စော၏ ယာဘက် ချိုင်းအောက်တွင် ကျည် ဖောက်ဝင် ဒဏ်ရာ ရရှိကာ တောင်ခြေကျေးရွာတွင်
ညအိပ်ခဲ့ပြီးနောက် ဩဂုတ်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ကာ
ဆေးကုသမှုခံယူနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လက်နက်ငယ်များဖြင့်
ပစ်ခတ်ခဲ့သည့် အမည်မသိ လက်နက်ကိုင်များအား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့က
စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။