ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ မတက်ရောက်နိုင်ကြောင်း FPNCC ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ မတက်ရောက်နိုင်ကြောင်း FPNCC ထုတ်ပြန်


ကမ္ဘောဇတိုင်း
.
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ယနေ့ ဩဂုတ်လ ၁၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။
.

.
FPNCC အစည်းအဝေးကို ဩဂုတ်လ ၁၃ ရက်က “ဝ” အထူးဒေသ (၂) ပန်ခမ်းမြို့တွင် ပြုလုပ်ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ပြည်ထောင်စုအစိုးရ အနေဖြင့် FPNCC အဖွဲ့ဝင် ၆ ဖွဲ့ကို ညီလာခံဖွင့်ပွဲ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားလာသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ညီလာခံသည် COVID-19 ကပ်ရောဂါ ပြန့်ပွားနေသည့် အချိန်ကာလတွင် ကျင်းပသည့်အတွက်ကြောင့် မိမိတို့ တောင်ပေါ်နယ်စပ်ဒေသများတွင် ဆေးဝါးကုသရေးပညာ အားနည်းခြင်း၊ ဆေးဝါးကုသမှု စက်ကိရိယာများ မပြည့်စုံခြင်း၊ အသွားအလာ ခရီးစဉ်များ စီစဉ် ရာတွင် အခက်အခဲများ ရင်ဆိုင်ရခြင်းတို့ကြောင့် မိမိတို့ အဖွဲ့ဝင် ၆ ဖွဲ့ ညီလာခံသို့ မတက်ရောက်နိုင်သည့် အဓိက အကြောင်းဖြစ်ကြောင်း၊ ဤ စတုတ္ထအကြိမ်ညီလာခံတွင် ပြည်ထောင်စုအစိုးရမှ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရခိုင်တပ်မတော် (ULA/AA) ကို ဖိတ်ကြားခြင်းမရှိသည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန်အတွက် FPNCC အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး မြင့်မြတ်သော စိတ်ထားများဖြင့် မတူညီသော အမြင်သဘောထားများကို ဖယ်ရှားပြီး အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေး တောင်းဆိုချက်များကို သဘောထားကြီးစွာဖြင့် နားဆင်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှတစ်ဆင့် အားလုံး၏ ဘုံသဘောတူညီချက်များကို ရရှိနိုင်မှသာလျှင် မိမိတို့ ဘုံရည်မှန်းချက်များကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အပြင် “ဝ”၊ မိုင်းလား၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ပါဝင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats