.
၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့်များကို ဇူလိုင်လ ၂၇ ရက်မှ
စတင်၍ ကျောင်းအပ်လက်ခံပြီး ၂ ပတ်ခြားစီ ဖွင့်လှစ်ရန် မူလသတ်မှတ်ထားသည့် အစီအစဉ် ပျက်ပြယ်သွားပြီဖြစ်ပြီး
ယင်း အတန်းများအတွက် ကျောင်းဖွင့်မည့်ရက်ကို အတိအကျ သိရခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ်
အစိုးရအဖွဲ့ထံက သိရသည်။
.
“ပထမ ကြေညာထားတဲ့ အစီအစဉ်ကတော့ ပျက်သွားပြီ။ ပြန်ဖွင့်မယ့် ရက်
တိတိကျကျ ကြေညာထားတာ မရှိသေးပါဘူး။ လက်ရှိ အထက်တန်း အဆင့်မှာတောင် A အဆင့် ကျောင်းတွေက ဖွင့်နေပြီ။ B အဆင့်၊ C အဆင့် ကျောင်းတွေ မဖွင့်ရသေးဘူး။
အဲဒါတွေ ဖွင့်နိုင်အောင် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတယ်။ အဲဒါ အားလုံး ဖွင့်နိုင်မှ
အလယ်တန်းအဆင့်တွေ ဖွင့်နိုင်မယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားတယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်
ပြည်နယ် လူမှုရေးဝန် ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ အထက်တန်းအဆင့် စာသင်နှစ်များကို
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်က စတင် ဖွင့်လှစ်သင်ကြား နေခြင်းဖြစ်ပြီး ထိုသို့ ဖွင့်လှစ်ရာတွင် A အဆင့် ကျောင်းများသာ ဖွင့်လှစ်နိုင်သေးခြင်း
ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား/ သူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့်
မူလတန်း ကျောင်းသားတစ်ဦး လျှင်
ဗလာစာအုပ် တစ်ဒါဇင်ကို အခြေခံပညာ ဦးစီးဌာနမှ ပေးအပ်သွားမည်ဖြစ်ပြီး အလယ်တန်းအဆင့်များကိုလည်း
ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၌ ၂၀၁၉-၂၀၂၀ ပ ညာ သင်နှစ်က အထက်တန်းကျောင်း
၂၇၂ ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ်တန်းကျောင်း ၂၈၁ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၃၄၀ ကျောင်း၊ မူလတန်းလွန်ကျောင်း
၇၉၃ ကျောင်း၊ မူလတန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလတန်း ကျောင်း (ခွဲ) ၇၀၁ ကျောင်း၊ တွဲဘက် မူလတန်းကျောင်း
၁၂ ကျောင်း ရှိပြီး စုစုပေါင်း ၆၃၉၁ ကျောင်း ရှိကြောင်း သိရသည်။