ကိုဗစ်ကင်းစင်သည့် မြန်မာပြည်အဖြစ် မှတ်တမ်းတင်နိုင်ရေး အားလုံးပါ၀င်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုဗစ်ကင်းစင်သည့် မြန်မာပြည်အဖြစ် မှတ်တမ်းတင်နိုင်ရေး အားလုံးပါ၀င်ပေး


ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ စတင်၍ မြန်မာနိုင်ငံအတွင်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ သတ် မှတ်စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များကို အခါ အားလျော်စွာ ထုတ်ပြန်တားမြစ်ခဲ့ပြီး ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေများအရ အကြိမ်ကြိမ် သက်တမ်း တိုးလာခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
.
.
COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဩဂုတ်လ ၃၁ ရက်အထိ ထုတ် ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက် အထိ သက်တမ်း တိုးမြှင့်ကြောင်း ယင်းကော်မတီမှ ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
ယင်းကဲ့သို့ အမိန့်များ၊ ညွှန်ကြားချက်များ၊ ပန်ကြားချက်များအား အကြိမ်ကြိမ် အလီလီ သက်တမ်းတိုးခဲ့မှုနှင့် ပတ်သက်၍ ရောဂါကူးစက် ဖြစ်ပွားမှု အရှိန် လျော့ကျနေစဉ်က ပြည်သူအချို့မှ ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ရောဂါ တစ်ကျော့ပြန် ပြန်လည် ခေါင်းမော့လာချိန်တွင် ပြောဆိုသူ မရှိတော့ချေ။
.
အမိန့်နှင့် ညွှန်ကြားချက်များ၊ ပန်ကြားချက်များအား အကြိမ်ကြိမ် အလီလီ သက်တမ်း တိုးပါသော်လည်း ယင်း ညွှန်ကြားချက်များကို ပြည်သူများ အမှန်တကယ် လိုက်နာမှု မရှိပါက ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အကျိုးထူး တစ်စုံတစ်ရာ ရရှိနိုင်မည် မဟုတ်ချေ။ ယင်း တားမြစ်ကန့်သတ်ချက်များအနက် တစ်ခု အပါအဝင်ဖြစ်သော ည မထွက် ရအမိန့်ကို ဥပမာ ပေးရသော် နေ့စဉ် ည ၁၂ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအချိန်အထိ ညမထွက်ရအမိန့် ထုတ် ပြန်ထားသော်လည်း လိုက်နာမှု မရှိဘဲ တောင်ကြီးမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ညအချိန်မတော် အရှိန်ပြင်းစွာ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်သံများကို ကြားနေရသည်။
.
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ ဒေသအလိုက် အစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများက ထိန်းချုပ်မှုများ ပြုလုပ်နေပါသော်လည်း အချို့သော ကိစ္စရပ်များတွင် ဆင်ဖိုးထက် ချွန်းဖိုးကြီးလာနိုင်သည့် စီမံခန့်ခွဲမှု အလွဲအမှားများကိုလည်း မြင်တွေ့လာနေ ရသည်။
.
တောင်ကြီးမြို့လယ်ခေါင်ရှိ မြို့မဈေးအတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးအတွင်းမှ ပျံကျ ဈေးသည်များကို မြို့တွင်း နေရာအသီးသီး၌ ယာယီပျံကျဈေးအဖြစ် နေရာသတ်မှတ် ရောင်းချခွင့် ပြုခဲ့ရာ မြို့မဈေး အတွင်း လူဦးရေ ထူထပ် သိပ်သည်းမှုကို အထိုက်အလျောက် လျှော့ချနိုင်သော်လည်း စည်ပင်သာယာရေး ဌာန၏ စီမံ ခန့်ခွဲမှု မျက်ကွယ်တွင် ရှိနေသည့် ယာယီပျံကျဈေးများ၌ Social Distancing အပါအဝင် COVID-19 ဆိုင်ရာ ကန့်သတ် လမ်းညွှန်ချက်များကို လိုက်နာမှု မရှိဘဲ ဈေးသွားဈေးလာများဖြင့် ရှုပ်ထွေး ပွေလီလာရာ ယင်း ယာယီပျံကျဈေး တည်ရှိ ရာ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအတွက်လည်း ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာနေပြီး ရောဂါကူးစက်မှုကို လက်ယပ် ခေါ်နေသယောင် ဖြစ်လာသည်။
.
ဒေသခံများ အနေဖြင့် ကပ်ရောဂါ ကူးစက်ခံရမည့်အရေးကို စိုးထိတ်နေရသည့်အပြင် လူနေရပ်ကွက် အတွင်း ရောင်းချနေသည့် ယာယီပျံကျဈေးများမှ ထွက်ရှိသည့် အမှိုက်နှင့် စွန့်ပစ် ပစ္စည်းများ၏ ဒဏ်ကိုလည်း အလူး အလဲ ခံစားနေရသည်ဟု သိရပါသည်။
.
သက်ဆိုင်ရာ အစိုးရ တာဝန်ရှိ လူကြီးမင်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှု ဆိုးရွားစွာ မဖြစ်ပေါ်လာစေရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်/သက်တမ်းတိုးရာတွင် ယင်းထုတ်ပြန် တားမြစ်ချက်များကို ပြည်သူများ အမှန်တကယ် လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်သွားရန် လိုအပ်သလို ယင်းထုတ်ပြန်တားမြစ်ချက်များကလည်း အမှန်တကယ် လက်တွေ့မြေပြင် အမှန်တရားနှင့် နီးစပ်ပြီး လူထုအတွက် အပန်းမကြီးဘဲ လိုက်နာ ဆောင်ရွက်နိုင်မည့် ညွှန်ကြားချက်များ ဖြစ်ရန်လိုပါသည်။
.
ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံ တစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၇၈၇ ဦး ရှိလာနေပြီ ဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍ ၃၅၂ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီ ဖြစ်သည်ဟု သိရ ပါသည်။
.
သို့ဖြစ်လေရာ မြန်မာနိုင်ငံအတွင်း နောက်ထပ် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားသူအရေအတွက် တိုးပွား မလာစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စနစ်တကျ စီမံခန့်ခွဲ အကောင်အထည်ဖော်မှု လုပ်ငန်း များကို ဆောင်ရွက်သင့်သလို ပြည်သူ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအနေဖြင့် အယောက်တိုင်း လိုက်နာ ဆောင်ရွက် ခြင်းဖြင့် ပူးပေါင်း ပါဝင်ရန် လိုအပ်ပါသည်။
.
ဤ ကမ္ဘာမြေ၊ မြန်မာ့မြေပေါ်တွင် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အုပ်ချုပ်သူ အစိုးရ၊ ပြည်သူ နှင့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ရှိသူများမှ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ပြီး COVID-19 ကင်းစင်သည့် မြန်မာပြည်အဖြစ် မှတ်တမ်း တင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း ဆန္ဒပြုလိုက်ရပါသည်။
.

Journal Download

Photo of three cats