မငြိမ်းသော မီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မငြိမ်းသော မီး


ကမ္ဘောဇတိုင်း
.

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 သည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ စတင် တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံဒေသ အသီးသီးသို့ ပျံ့နှံခဲ့ပြီး ယနေ့တိုင် ကပ်ရောဂါ မီးတောက်သည် ကမ္ဘာသူ ကမ္ဘာသားများအတွက် မီးတောက် တစ်ခုသဖွယ် ဖြစ်နေဆဲ ဖြစ်သည်။
.
ဩဂုတ်လ တတိယပတ်အထိ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၃ သန်းကျော် ရှိလာ နေပြီဖြစ်ပြီး သေဆုံးသူမှာ ၈ သိန်ကျော်အထိ ရှိလာနေပြီ ဖြစ်သည်။ COVID-19 ရောဂါ ကူးစက်မှု ဒဏ်ကို ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း ခံစားနေရဆဲ ဖြစ်သည်။ ဩဂုတ်လ ၂၄ ရက်အထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၅၅၆၇၂၁၇ ဦး၊ သေဆုံးသူ ၁၇၄၂၄၆ ဦး ရှိလာပြီဖြစ်သလို အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ကူး စက်ခံရသူ ၃ သန်းကျော်နှင့် သေဆုံးသူ ၅၆၇၀၆ ဦး ရှိလာနေပြီ ဖြစ်သည်။

.
မြန်မာနိုင်ငံ အနေဖြင့် မတ်လ ၂၃ ရက်တွင် ပထမဆုံး COVID-19 အတည်ပြုလူနာကို တွေ့ရှိခဲ့ပြီးနောက် ဇွန်လ နှောင်းပိုင်းမှ စတင်၍ ရောဂါကူးစက်ဖြစ်ပွားသူအရေအတွက် လျော့ကျလာခဲ့သော်လည်း ယခု ဩဂုတ်လ ဒုတိယပတ်မှ စတင်၍ ပြည်တွင်း ကူးစက်မှုများကို အများအပြား ပြန်လည် တွေ့မြင်လာနေရပြီ ဖြစ်သည်။
.
လက်ရှိ ဖြစ်ပေါ်နေသော COVID-19 ရောဂါ အခြေအနေများနှင့် ပတ်သက်၍ ရောဂါလက္ခဏာ မပြဘဲ ရောဂါပိုး သယ်ဆောင်သူများမှ ပြည်သူများအကြား တိတ်တဆိတ် ရောဂါ ဆက်လက် ဖြန့်ဝေခြင်းကြောင့် လိုက်နာမှုအားနည်း လျက်ရှိသည့် ပြည်သူများအကြားတွင် ရောဂါဖြစ်ပွားမှုများ ရုတ်တရက် ပိုမိုများပြားစွာ ပေါ်ပေါက်လာပြီး ထိန်းချုပ်ရန် ခက်ခဲသော ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း အဖြစ် ဖြစ်ပေါ်လာနိုင်သည့် အတွက် ပြည်သူများ အနေဖြင့် သတိပြုရန် အချက်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
.
အလားတူ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးကလည်း မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်း အလွန်မြန်ဆန်သည့် COVID-19 သန္ဓေပြောင်း D614G ရှိနေပြီဖြစ်ကြောင်း သတိပေး ပြောဆိုထားသည်။
.
ယင်းကဲ့သို့ COVID-19 ရောဂါပိုး ကူးစက်မှု ပြန်လည် မြင့်တက်လာခြင်းနှင့် အတူ ပြည်သူများအကြား မေ့လျော့ နေခဲ့သော ကျန်းမာရေးဆိုင်ရာ အသိသတိများ ဝင်လာကြပြီး အကာကွယ်ပစ္စည်း Mask များကို ရက်ပိုင်းအတွင်း ပြန် လည်ဝယ်ယူမှု များပြားလာခဲ့ရာ Mask ဈေးများ ရုတ်ချည်းပြန်လည်မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မှပင် အသိပေးကြေညာစာ ထုတ်ပြန်ရသည် အထိ ဖြစ်လာခဲ့ရသည်။
.
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ  ၃၁ ရက်က ထုတ်ပြန်သော အမိန့် ကြေညာစာ အမှတ် (၂၂/၂၀၂၀) အရ အရေးကြီး ကုန်စည်များ ဖြစ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင် ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန် ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ကို တားမြစ်ထား သည်ဖြစ်ရာ အများပြည်သူ ကျန်းမာရေးကို ရှေးရှု၍ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း ကုန်သည် စက်မှုအသင်းက ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။
.
COVID-19 ကပ်ရောဂါဂယက်ကြောင့် အခြေခံ လူတန်းစား ပြည်သူများ စားဝတ်နေရေး အထွေထွေ အကြပ် အတည်းများ ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ ရောဂါ ကာကွယ်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အကာအကွယ်ပစ္စည်း များ ဈေးနှုန်းမြှင့်တင် ရောင်းချမှုကလည်း ပြည်သူများအဖို့ များစွာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလို ရောဂါကာကွယ် ထိန်း ချုပ်ရေး လုပ်ငန်းစဉ်များတွင်လည်း အဟန့်အတား ဖြစ်စေနိုင်ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် တောင် ကြီးမြို့နေ ဒေသခံပြည်သူ တစ်ဦးကလည်း တောင်ကြီးမြို့လယ်ရှိ ဈေးဝယ် စင်တာတစ်ခုသို့ သွားရောက်ရာတွင် နှာ ခေါင်းစည်း Mask ဝယ်ယူရေး အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း ပြောဆိုထားသည်။
.
ပြည်သူတို့အဖို့ COVID-19 ကပ်ရောဂါ မီး၊ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းများကြောင့် မငြိမ်း သော မီးများ တောက်လောက်နေချိန်တွင် နောက်ထပ် အပူပေါ် အပူမဆင့်စေဖို့ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြု ကျန်းမာရေး ပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး၊ သင့်တင့် မျှတသော ဈေးနှုန်းဖြင့် လူတိုင်း လက်လှမ်းမီ ဝယ်ယူနိုင်ရေးအတွက် အစိုးရ၊ ကုန်သည်လုပ်ငန်းရှင်များ အားလုံး ဝိုင်းဝန်း ထိန်းသိမ်း ဆောင် ရွက်နိုင်ပါစေကြောင်း။  
.

Journal Download

Photo of three cats