သတင်းစာရှင်းလင်းပွဲများမှသည် ပြည်သူ့မေတ္တာ ခံယူနိုင်ပါစေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သတင်းစာရှင်းလင်းပွဲများမှသည် ပြည်သူ့မေတ္တာ ခံယူနိုင်ပါစေ


ကမ္ဘောဇတိုင်း

.
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စတုတ္ထတစ်နှစ်တာ ပြည်သူ့အတွက် လုပ်ငန်းဆောင်ရွက်ချက်များ သတင်းစာ ရှင်း လင်းပွဲကို ဩဂုတ်လ ၁၇ ရက်၊ ညနေပိုင်းတွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သွားမည်ဟု သိရပါသည်။
.
.
၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် နိုင်ငံ့တာဝန်ကို စတင်ယူခဲ့သော လက်ရှိအစိုးရ၏ သက်တမ်းသည် ပြီးခဲ့သည့် ဧပြီလတွင် ၄ နှစ်သက်တမ်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပဉ္စမနှစ် သက်တမ်း ကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အစိုးရ သစ် လက်ထက်တွင် ပွင့်လင်း မြင်သာမှုများ အနေဖြင့် နှစ်စဉ် အစိုးရသက်တမ်း နှစ်ပတ်လည် အချိန် ကာလများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အလိုက် ပြည်သူ့အတွက် တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များကို နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားလိုင်းများမှတစ်ဆင့် အများပြည်သူသို့ ထုတ် ပြန်ကြေညာ ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။
.
ထိုသို့ ထုတ်ပြန်ပြီး မရှေးမနှောင်းမှာပင် နှစ်စဉ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရအဖွဲ့များ၏ သတင်း စာ ရှင်းလင်းပွဲများကို နှစ်စဉ် ပြုလုပ်လျက်ရှိသည်မှာ အားလုံးအသိပင် ဖြစ်သည်။ ယင်းကဲ့သို့သော တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ သတင်းစာ ရှင်းလင်းပွဲများကို နှစ်စဉ် အစိုးရသက်တမ်း နှစ်ပတ်လည် ဧပြီလ၏ နောက်တစ်လ ဖြစ်သော မေလနှင့် ဇွန်လများတွင် ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ကမ္ဘာလုံး ဆိုင်ရာ ကပ် ရောဂါဆိုး COVID-19 ဂယက်ကြောင့် ပုံမှန်ကျင်းပနေကျ သတင်းစာ ရှင်းပွဲများကို မေလနှင့် ဇွန်လများအတွင်း ကျင်း ပနိုင်ခြင်း မရှိခဲ့ဘဲ ဇူလိုင်၊ ဩဂုတ်လများအထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
.
လက်ရှိ ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်း လင်းပွဲများကို ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအချို့မှာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သလို ရှမ်းပြည်နယ်တွင်လည်း ယခု ဩဂုတ်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်တွင် ပြုလုပ်သော အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲများအနက် ပြီးခဲ့သည့် နှစ်များက ပြုလုပ်သည့် ပွဲများတွင် သတင်းမီဒီယာသမားများအပြင် မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ CSO များနှင့် စိတ်ပါဝင်စားသူများကို တက်ရောက် လေ့လာခွင့် ပြုထားသလို  သတင်းမီဒီယာသမားများကိုလည်း အကန့်အသတ်မထားဘဲ ဝင်ရောက် သတင်းရယူ မေးမြန်းခွင့် ပြုထားနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက် စည်းကမ်း များအရ လူဦးရေ အကန့်အသတ်ဖြင့်သာ ပြုလုပ်နိုင်မည်ဟု သိရပါသည်။
.
ပြည်နယ် အစိုးရအနေဖြင့် သတင်းမီဒီယာများအား တမင်တကာ ရှောင်ရှားခြင်းမျိုး မဟုတ်သော်လည်း တွေ့ဆုံ နိုင်ရန် ခက်ခဲလှသည်။ ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တော် တောင်ကြီးမှ သတင်းမီဒီယာသမားများပင် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိနိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေရသည်ဖြစ်ရာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ သတင်းသမားများ အဖို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိနိုင်ရေးမှာ လွန်စွာမှပင် ခက်ခဲနေသည်။
.
သို့ဖြစ်လေရာ ယခုကဲ့သို့သော သတင်းစာရှင်းလင်းပွဲများသည် သတင်းမီဒီယာသမားများအတွက် ရတောင့်ရခဲ လှသည့် အခွင့်အ‌ရေး တစ်ခု ဖြစ်သလို ပြည်သူလူထု၊ သတင်းစားသုံးသူများအတွက် သိရှိသင့်သိရှိထိုက်သည်များ၊ သိရှိ လိုသည်များကို စာဖတ်သူများကိုယ်စား အားပါးတရ မေးမြန်းသတင်းရယူနိုင်မည့် အခွင့်အရေးတစ်ရပ်လည်းဖြစ်သည်။
.
နှစ်စဉ် နိုင်ငံပိုင် သတင်းစာများနှင့် ရုပ်မြင်သံကြားတို့မှ မိမိတို့ ပြည်နယ်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ကို တင်ပြပေးနေသော်လည်း ယင်း တင်ပြချက်များမှာ ပြည်သူလူထုတို့၏ ဆန္ဒ၊ ပြည်သူလူထုတို့၏ အသံနှင့် ဝေးကွာ နေဆဲဖြစ်သည်။ အားလုံးကောင်းပါသည် ဟူသော ရေးသားတင်ပြချက်များဖြင့် ပြည်သူတို့၏ လိုအင်ဆန္ဒနှင့် သတင်း သိပိုင်ခွင့် အခွင့်အရေးများကို ဝမ်းချနိုင်မည် မဟုတ်ချေ။
.
အမှန်တကယ် ပြည်သူလူထုအတွက် လိုအပ်ချက်များ၊ သိရှိသင့်သိရှိထိုက်သည်များကို စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာသမားများက တာဝန်ရှိသူများအား မေးမြန်း၍ သတင်း ထုတ်ပြန်ပေးရမည် ဖြစ်သည်။
 .
ယနေ့အချိန်တွင် နိုင်ငံတော်သမ္မတရုံးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကဲ့သို့သော ပြည်ထောင်စုအ ဆင့် အဖွဲ့အစည်းများမှ ပြည်သူလူထု သိရှိသင့် သိရှိထိုက်သည်များ သိရှိနိုင်ရေးအတွက် အပတ်စဉ်ဖြစ်စေ၊ အခါအား လျော်စွာ သတင်းမီဒီယာတွေ့ဆုံရှင်းလင်းပွဲများ ပြုလုပ်ပေးနေသည်ကို တွေ့ရသည်။ ရှမ်းပြည်နယ် အစိုးရ အနေ ဖြင့်လည်း ပြည်သူလူထုနှင့် အလှမ်းမကွာ စေရေးအတွက် ယင်းကဲ့သို့ သတင်းစာ ရှင်းလင်းပွဲမျိုးကို တစ်နှစ် တစ်ကြိမ် ထက်ပိုမို၍ တွေ့ဆုံနိုင်ရေးကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ သတင်းစာ ရှင်းလင်းပွဲကာလက သတင်းမီဒီယာများမှ မေးမြန်း တောင်းဆိုခဲ့ဖူးသော်လည်း အရာမထင်ခဲ့ချေ။
.
မည်သို့ပင်ဆိုစေ မတွေ့တာထက်စာလျှင် တစ်နှစ်တစ်ကြိမ် တွေ့ဆုံခွင့်ရနေသေးသည်ကိုပင် ကောင်းပါသည်ဟု ယူဆရမလို ဖြစ်နေသည်။ သို့ရာတွင် ယခုနှစ် သတင်းစာ ရှင်းလင်းပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာ၌ အ ခက်အခဲ အတားအဆီးအချို့ ဖြစ်ပေါ်ခဲ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်အရ သတင်းစာ ရှင်းလင်းပွဲသို့ လူဦးရေ အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့် ရမည်ဖြစ်သဖြင့် သတင်းမီဒီယာသမားများ အားလုံး ပါဝင်တက်ရောက် သတင်းရယူနိုင်ရေးတွင် အခက်အခဲအနည်းငယ် ဖြစ်ပေါ်ခဲ့ရသည်။
.
ပွင့်လင်းမြင်သာမှုနှင့် ပြည်သူများ၏ သတင်း သိပိုင်ခွင့်ကို အသိအမှတ်ပြု၍ တမင်တကာ အချိန်ပေးပြီး သတင်း စာရှင်းလင်းပွဲ ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးပါသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း အယ်ဒီတာ့အာဘော်မှ မှတ်တမ်းတင် ဂုဏ်ပြုလိုပါသည်။            ယင်းကဲ့သို့သော ပွင့်လင်းမြင်သာမှု အမွေကောင်းများကို ဆက်ခံရင်း နောင်လာမည့် အစိုးရသက်တမ်း အဆက်ဆက်တွင်လည်း ယခုကဲ့သို့သော အလေ့အကျင့်ကောင်းများကို ဆက်ခံပြီး ပြည်သူလူထုများ၊ သတင်းမီဒီယာများနှင့် ပို၍နီးနီးကပ်ကပ်ရှိကာ ပြည်သူ့မေတ္တာကို ခံယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်ရပါသည်။
.


Journal Download

Photo of three cats