ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လများအတွင်းက
မိုးရွာသွန်းမှုကြောင့် တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့ရှိ နေ အိမ်များတွင်
ရေဝင် နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့်
မြေပြိုမှုများ ဖြစ်ပွားကာ အမျိုး သားတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.
.
တောင်ပေါ်တွင် ရေမတင်ခဲ့သော မြို့တော်တောင်ကြီးသည်
လွန်ခဲ့သည့် ၄/၅ နှစ်ခန့်မှ စတင်၍ မိုး ရွာသွန်းတိုင်း ရေကြီးရေလျှံမှု
ဘေးအန္တရာယ်ကို စတင် ကြုံတွေ့ခံစားလာနေရသည်။ ရာသီဥတု (မိုးရွာသွန်းမှုပုံစံ)
ပြောင်းလဲလာမှု၊ ရေနုတ်မြောင်းများ စနစ် မကျမှု၊ စည်းကမ်းမဲ့ အမှိုက်
စွန့်ပစ်မှုများ စသည့် လူလုပ်ဘေးထွက် ဆိုးကျိုး အမျိုးမျိုးကြောင့်
တောင်ပေါ်မြို့တွင် ယခုကဲ့သို့ ရေကြီးရေလျှံမှုကို နှစ်စဉ် ကြုံတွေ့ ခံစားလာနေရခြင်း
ဖြစ်သည်။ ထို့ အပြင် နေအိမ်များ အတွင်း ကွန်ကရစ်အပြည့် ခင်းခြင်းကြောင့်လည်း
မြေအောက်ရေကို ထိန်းသိမ်းထားနိုင်ခြင်း မရှိဘဲ ရေကြီးရေလျှံမှု ဖြစ်ပွားရခြင်း၏
အကြောင်းအရင်း တစ်ရပ် ဖြစ်သည်။
ယခင်က တောင်ကြီးမြို့တွင် ရေဆိုးထုတ် စနစ်ကို ပီပီပြင်ပြင်
ဆောင်ရွက်ခဲ့ကြသော်လည်း ယခုနောက်ပိုင်း ကာလများတွင် စွန့်ပစ် အမှိုက်များနှင့်
အနည်အနှစ်များကြောင့် ယင်း ရေဆိုးထုတ်မြောင်းများမှာ ရေစီးရေလာ ကောင်းမွန်ခြင်း
မရှိဘဲ တိမ်ကောလာနေပြီး လမ်းမများက ရေစီးမြောင်း ဖြစ်လာရသည်။
တောင်ကြီးမြို့လယ်ခေါင်ရှိ ကန်ရှေ့ရပ်ကွက်၊ လမ်းမတော်ရပ်ကွက်နှင့်
မြို့မရပ်ကွက်ကဲ့သို့သော နေရာများတွင် မိုးရွာသွန်းတိုင်း ရေကြီးနစ်မြုပ်
မှုဒဏ်ကို ခံစားလာ နေရသည်။ ထို့အပြင် မြို့၏ အနောက်ဘက်ခြမ်း
အနိမ့်ပိုင်းရပ်ကွက်များ ရှိ ချောက်များအတွင်း ရေဝင်နစ်မြုပ်မှုများကြောင့်
ဒေသခံများ နေထိုင်ရေး အခက်အခဲများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မကြာသေးမီ ဆယ်စုနှစ် တစ်ခုအတွင်း
နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများနှင့်အတူ လူနေမှု ဘဝ ပုံစံများ
ပြောင်းလဲတိုးတက်လာမှုများကို မြင်တွေ့လာရပြီး ကျေးလက်ဒေသနေ ပြည်သူများ
မြို့ပြဒေသဆီသို့ ပြောင်း ရွှေ့ အခြေချမှုများကို သိသိသာသာ တိုးတက်မြင်တွေ့လာရသည်။
မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်အနက် အနည်း ဆုံး ၃၁ ရာခိုင်နှုန်းသည်
မြို့ပြဒေသများတွင် နေထိုင်သူများ ဖြစ်ကြသည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများအရ သိရ
သည်။
.
ယင်းကဲ့သို့ လူနေမှုပုံစံ ပြောင်းလဲမှုများနှင့်အတူ
နှစ်ပေါင်းများစွာ စနစ်မကျသည့် စီမံခန့်ခွဲမှုများကြောင့် မြို့ပြ ဒေသများတွင်
ဝန်ထုပ်ဝန်ပိုး သဖွယ် ဖြစ်လာရပြီး လူဦးရေ သိပ်သည်းမှု ပြဿနာ၊ ယာဉ်ကြောကြပ်တည်းမှု၊
ရေကြီး ရေလျှံမှု စသည်တို့ကို ဆိုးဆိုးရွားရွား ကြုံတွေ့ခံစားလာနေရသည်။
ယင်းပြဿနာကို ဖြေရှင်းပေးနိုင်ရေးအတွက်မှာ အစိုးရ၊ ဌာနဆိုင်ရာများ၊
ကျွမ်းကျင်ပညာရှင်များ၊ ဒေသခံများနှင့်အတူ ရေရှည်အကျိုးဖြစ်ထွန်းစေမည့်
မြို့ပြအစီအမံ များကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးပင် ဖြစ်သည်။
.
တစ်ဆက်တည်းမှာပင် ကမ္ဘာ့ဘဏ်မှ ထုတ်ဝေသော မြန်မာနိုင်ငံ၏
မြို့ပြဖြစ်ထွန်းမှု အကျိုးဆက် အစီရင်ခံစာ စာအုပ်တွင် မြို့တော် တောင်ကြီးသည်
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့နောက်တွင် မြန်မာနိုင်ငံ၌ စတုတ္ထ လူဦး ရေ
အထူထပ်ဆုံး မြို့တော်တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။
.
ယင်းကဲ့သို့ မြို့တော်တောင်ကြီးတွင် ရေကြီးရေလျှံမှုများ
ထပ်မံ မဖြစ်ပွားစေရေးအတွက် တံတား ၃ စင်းကို အဆင့် တိုးမြှင့်
ပြုပြင်တည်ဆောက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း
မီဒီယာများသို့ ပြောဆိုထားသည်။ ထို့အတူပင် တောင်ကြီးမြို့ တွင် အလားတူ ပြဿနာများ
ထပ်မံ မဖြစ်ပွားစေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း
ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကလည်း ပြောဆိုထားသည်။
.
တစ်ချိန်က အာဆီယံ အသန့်ရှင်းဆုံး မြို့တော်ဆုများ
အကြိမ်ကြိမ် ဆွတ်ခူးခဲ့သော မြို့တော်တောင်ကြီးတွင် ရေကြီးရေလျှံမှုများ ထပ်မံ
မဖြစ်ပွားစေရေး၊ မြို့ပြဒေသ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းကာ
အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါသည်။
.
#KBZTai #Shan #Editorial
.