ဒီမိုကရေစီ နိုင်ငံသားတစ်ဦး၏ တာဝန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီမိုကရေစီ နိုင်ငံသားတစ်ဦး၏ တာဝန်


ကမ္ဘောဇတိုင်း
.

လွန်ခဲ့သည့် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်က စတင်ပေါ်ပေါက်ခဲ့သည့် ၈၈၈၈ လူထုအရေးတော်ပုံကြီးသည် ယနေ့ဆိုလျှင် ၃၂ နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၃၂ နှစ်တာကလသို့ ရောက်ရှိလာချိန်တွင် ယင်းအချိန် က အရေးတော်ပုံကြီး၌ ပါဝင်ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ၌ ၈၈၈၈ ၏ ရည်ရွယ်ချက် ပန်းတိုင်ကို အပြည့်အဝ ရရှိခြင်း မရှိသေးကြောင်း ပြောဆိုကြသည်။
.
စစ်အာဏာရှင် စနစ်၊ တစ်ပါတီ အာဏာရှင်စနစ်၏ အုပ်ချုပ်မှု၊ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးရမှုများ၊ စီးပွားရေး၊ လူမှုရေး အထွေထွေ အကြပ်အတည်းများကြောင့် မခံမရပ်နိုင်သော ပြည်သူလူထု တစ်ရပ်လုံး သည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် လမ်းမများ ပေါ်သို့ ထွက်၍ အာဏာရှင်ကို ဖီဆန် အန်တုခဲ့ကြသည်။
.
လွတ်လပ်ရေးရစ ကာလက အာရှကျားတစ်ကောင် ဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ် နေ ဝင်း စစ်အာဏာ သိမ်းမှုနှင့်အတူ အရာရာ ချုပ်ငြိမ်းခဲ့ရသည်။ တော်လှန်ရေး ကောင်စီ/မဆလ အုပ်ချုပ်မှု ၂၆ နှစ် တာ ကာလအတွင်း မြန်မာနိုင်ငံသည် အာရှကျားတစ်ကောင်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်သို့ ရောက်ရှိခဲ့ရသည်။
.
တိုင်းသူပြည်သားအားလုံး စားဝတ်နေရေး အထွေထွေ အကြပ်အတည်းများနှင့် ရင်ဆိုင်နေခဲ့ရချိန်တွင် ပြည်သူ လူထု လက်ဝယ်ရှိ တရားဝင် ငွေစက္ကူများကို တရားမဝင် အဖြစ် ကြေညာခဲ့ခြင်းက ပြည်သူလူထုတို့အတွက် အရှိုက်ကို အထိုးခံရသကဲ့သို့ လွန်စွာ အထိ နာခဲ့ရသလို ယင်းအကြောင်းတရားများကပင် ပြည်သူလူထုကို လမ်းမပေါ်သို့ ရောက် ရှိစေခဲ့ပြီး တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။
.
တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း ယင်းထက် ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်စနစ်ကို နှစ် ပေါင်း ၂၀ ကျော် ပြည်သူများ ထပ်မံဖြတ်သန်းခဲ့ရပြီးနောက် စစ်ဗိုလ်ချုပ်တို့အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပြီး အရပ်သားအစိုးရသို့ အာဏာလွှဲ ပြောင်းပေးခဲ့သည်။
.
ရဟန်းရှင်လူ ပြည်သူလူထုတို့ အသက်သွေးချွေးများ စတေးခံကာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်းကြောင့် ယနေ့ ဆိုလျှင် ယင်း၏ အသီးအပွင့်များအဖြစ် လွှတ်ာတော်အသီးသီးနှင့် ပြည်သူလူထု ရွေးချယ်တင်မြှောက်သော အရပ်သား အစိုးရကို ရွေးချယ်တင်မြှောက်နိုင်ခွင့် အခွင့်အရေးများ၊ အခြား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အခွင့်အရေးများကို မြင်တွေ့စ ပြုလာနေပြီ ဖြစ်သည်။
.
သို့ရာတွင် ၈၈၈၈ ၏ ရည်ရွယ်ချက် ပန်းတိုင်များမှာ မရောက်ရှိသေးဟု ဆိုနိုင်ပါသည်။
.
၈၈၈၈ အရေးတော်ပုံကြီးက အဲဒီအချိန်မှာ အောင်မြင်သလားဆိုရင် လူထုတွေ အကုန်လုံး၊ တစ်ပြည် လုံးက လူထု တွေ ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူတွေ စုစည်းနိုင်တာတော့ မှန်တယ်။ ဒါပေမဲ့ ကျွန်မတို့ လိုချင်တဲ့ ဒီမိုကရေစီ မရသေးဘူး။ ဒီမိုကရေစီဆိုတာကို ကျွန်မတို့က အရိပ်တောင် မြင်လိုက်ရတာပဲ ရှိသေးတယ်။ တကယ် မရသေးဘူး” ဟု ၈၈၈၈ လူထု အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောဆိုထားသည်။
.
ယနေ့ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များ ကို ၂ ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၈ ရက်တွင် တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲ ကို ကျင်းပသွားမည် ဖြစ်သည်ဟု သိရပါသည်။
.
အပြည့်အဝ ရခြင်း၊ မရခြင်းထက် ယနေ့ကဲ့သို့သော မဲပေးရွေးချယ်ပိုင်ခွင့် ဒီမိုကရေစီ အခြေခံ အခွင့်အရေးများ ရရှိရေးအတွက် လွန်ခဲ့သည့် ၃၂ နှစ်တာကာလက ရဟန်းရှင်လူပြည်သူအပေါင်း အသက်သွေးချွေး စတေးခံကာ ပေး ဆပ်ခဲ့ရသည်။ ယနေ့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ No Vote ဟူသော ပြောဆိုမှု အချို့ကို ကြားသိနေရသလို ရွေး ကောက်ပွဲ အပေါ် ပြည်သူလူထုများ စိတ်ပါဝင်စားမှု အားနည်းနေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရသည်။
.
ဒီမိုကရေစီ၏ အခြေခံအကျဆုံး အချက်တစ်ခုဖြစ်သော ဆန္ဒမဲပေးရမည့် တာဝန်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံ သားအားလုံးက ကျေပွန်ရန် လိုအပ်ပါသည်။ လက်ရှိတွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအသီးသီး၌ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းကို ကြေညာကပ်ထားသည် ဖြစ်ရာ မဲစာရင်းတွင် မိမိအမည် ပါ/မပါ ကြည့် ရှုရန် လိုအပ်ပြီး မပါပါက ထည့်သွင်းပေးရန်၊ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးရန် သက်ဆိုင်ရာ ရပ် ကျေး ကော်မရှင်အဖွဲ့ခွဲများထံတွင် လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။
.
မဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ ယင်းကဲ့သို့ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရေးတို့အတွက် နိုင်ငံသားတိုင်းက ပူးပေါင်းပါဝင်ရမည် ဖြစ်ပါသည်။ ၈၈၈၈ ၏ မပြီးဆုံးသေးသော ရည်ရွယ်ချက်ပန်းတိုင်ကို ဆက်လက် ချီတက်နိုင်ရေး အတွက် အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သော မဲဆန္ဒရှင်အမည်စာရင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ မဲဆန္ဒ ပေးသည့်နေ့တွင် မဲရုံသို့ သွားရောက်၍ ဆန္ဒမဲပေးခြင်းဖြင့် ဒီမိုကရေစီ နိုင်ငံသားတစ်ဦး၏ တာဝန်ကို လူတိုင်းကိုယ်စီ ကျေပွန်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။  
.

Journal Download

Photo of three cats