မင်းမင်း
.
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) အနေဖြင့် လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပါမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌
မြို့နယ် ၄ ခုမှ မဲဆန္ဒနယ် ၁၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံ သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယနှင့် ရွာငံမြို့နယ်များ အပြင် ဓနုတိုင်းရင်းသား အများစု နေထိုင်ကြသည့် ကလောနှင့်
နောင်ချိုမြို့နယ်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၁ နေရာ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၈ နေရာတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရှမ်းပြည်နယ်လွှတ်တော်၊
ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်း
(ခ) ဦးညီညီသည်လည်း လာမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း
သိရသည်။
.
“ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ၆ မြို့နယ်
ပြိုင်တာပါ။ ဒီနှစ်ကတော့ တောင်ကြီးနဲ့ ရပ်စောက် မပြိုင်တော့ပါဘူး။ ကလောမြို့နယ်ကတော့
ပြည်သူ့လွှတ်တော် မပါပါဘူး။ ၁၂ နေရာ အကုန်လုံးကို အနိုင်ရဖို့ ရည်မှန်းပြီးတော့ ပြိုင်တာပေါ့။
အသေချာဆုံးနေရာတွေကို သေချာတဲ့လူတွေနဲ့ရွေးပြီး ပြိုင်ထားတာပါ။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေဖြစ်တဲ့အတွက်
မဲပေးလာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အထူးသဖြင့် ၁၂ ယောက်ထဲမှာ အနည်းဆုံး ၅ ဦးလောက်တော့
နိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
အတွင်းရေးမှူး (၁)နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးမင်းလွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အခြေစိုက်
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် ကြေညာချက်အမှတ်(၃၂/၂၀၁၂)၊ နိုင်ငံရေးပါတီ
မှတ်ပုံတင်ခွင့်အမှတ်(၅၇)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
.