စုလှိုင်
.
တောင်ကြီးမြို့၊ မြို့မရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ဗိုလ်ချုပ်ပန်းခြံ မီးပွိုင့် အနီးတွင် သြဂုတ်လ ၁၇ ရက်က ငွေကျပ် သိန်း ၂၀ ကျော်
တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည်
မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင်
ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်မှ ပြည်ထောင်စုလမ်းမကြီး ဘက်သို့ တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်နေ ကိုပြည့်ဖြိုးဟိန်း မောင်းနှင်ပြီး တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် နေ
ကျော်သူဟိန်း (ခ) ပိုးယား လိုက်ပါ စီးနင်းလာသည့် မော်တော်ယာဉ်အား
ရပ်တန့်စစ်ဆေးရှာဖွေစဉ် ယာဉ်ပေါ်တွင် သိုဝှက်
သယ်ဆောင်လာသော တန်ဖိုးငွေကျပ် သိန်း ၂၀
ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား
၂၀၃၂ ပြားကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။
“ ၂ ယောက်လုံးကို အမှု ဖွင့်
ထားပါတယ်။”ဟု တောင်ကြီးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထက်နိုင်ဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်
အတူ ဖမ်းဆီးရမိခဲ့သည့် ပြည့်ဖြိုးဟိန်းနှင့်
ကျော်သူဟိန်း (ခ)ပိုးယား တို့အား တောင်ကြီးမြို့မ ရဲစခန်းတွင် မယ (ပ) ၅၅/၂၀၂၀ ၊ မူးစိတ်ပုဒ်မ
-၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။