ကလောနှင့် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာတို့တွင် COVID-19 စစ်ဆေးရေးဂိတ်များကို ယနေ့ (ဩဂုတ်လ ၂၄ ရက်)၊ နေ့လယ်ပိုင်းမှ စတင်၍ ပြန်လည် ဖွင့်လှစ်ကာ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
.
“
တောင်လေးလုံးနဲ့ ကလောနဲ့တော့ ပြန်ဖွင့်ပြီး စစ်ဆေးနေပြီ။ အဓိက ကတော့ Case တွေကလည်း
ထပ်များလာပြီ၊ ပြည်သူတွေ သတိနဲ့ နေနိုင်အောင်လို့ လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေး
အနေနဲ့ လုပ်ဆောင်တာပါ။” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး
ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ
COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေးဂိတ်များကို ပြီးခဲ့သည့် ဇွန်လ
လဆန်းပိုင်းက ပိတ်သိမ်းခဲ့ပြီးနောက် ၃ လခန့်အကြာတွင် ကလောနှင့် တောင်ကြီးမြို့နယ်၊
တောင်လေးလုံး ကျေးရွာတို့တွင် ပြန်လည် ဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးမှုများ
ပြုလုပ်နေခြင်း ဖြစ်သည်။
.
“ ဂိတ်
ပြန်ဖွင့်ပါပြီဗျ။ စပြီးတော့လည်း စစ်ဆေးနေပါပြီ။ လောလောဆယ်တော့
တောင်လေးလုံးဂိတ်မှာ အင်အားကတော့ ၂၀ ကျော်၊ ၃၀ လောက်တော့ ရှိပါတယ်။” ဟု တောင်လေးလုံး
စစ်ဆေးရေးဂိတ်မှ Volunteer တစ်ဦးက ပြောသည်။
.
လက်ရှိတွင်
ကလောမြို့အဝင် နေရာနှင့် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာတွင် ကျန်းမာရေး
စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ထားပြီ ဖြစ်သော်လည်း ကျန်ရှိသည့် ဂိတ်များကိုမူ
စောင့်ကြည့်၍ လိုအပ်မှသာ ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။