ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နေ အမျိုးသမီးတစ်ဦး အပါအဝင်
COVID-19
ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အသစ် ၁၃ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ ၂၉ ရက်၊ နံနက် ၈ နာရီ အချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
“လူနာအမှတ် (၆၅၂) က တောင်ကြီးကပါ။ လူနာအမှတ် (၄၇၇) နဲ့ ထိတွေ့မှု
ရှိခဲ့တဲ့သူပါ။ သူ့မိသားစုဝင် ၅ ဦးကတော့ အားလုံး Negative ပါ။ ကျန်တဲ့ ရှမ်းတောင်က
ပို့ထားတဲ့ ဓါတ်ခွဲနမူနာတွေ အားလုံးကလည်း Negative ပါပဲ” ဟု ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က ကမ္ဘောဇတိုင်းသို့
ပြောသည်။
ယင်း ပိုးတွေ့လူနာအမှတ် (၆၅၂) သည် ဩဂုတ်လ ၂ ရက်တွင် လူနာအမှတ်
(၄၇၇) နှင့်အတူ ရန်ကုန်မြို့သို့ အတူ သွားရောက်ခဲ့သူဖြစ်ပြီး လက်ရှိတွင် တောင်ကြီးမြို့၊
ဘုရားဖြူရပ်ကွက်ရှိ ဓမ္မဥယျာဉ် Quarantine Center ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတစ်ဦးဖြစ်ကာ
ယနေ့ နံနက်ပိုင်းတွင် စင်တာမှ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာအသစ် ၁၃ ဦးမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ
၄ ဦး၊ မြောက်ဦးမြို့နယ်မှ ၄ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၂ ဦး၊ မြေပုံမြို့နယ်မှ ၁ ဦး၊
ကျောက်တော် မြို့နယ်မှ ၁ ဦးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း
သိရသည်။
.
ဩဂုတ်လ ၂၈ ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ
အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁၂၀၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)
မှ ဓာတ်ခွဲနမူနာ ၂၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မန္တလေး) မှ (ပထမ+ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၄၄၆ ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ (ပထမ + ဒုတိယအသုတ်)
ဓာတ်ခွဲနမူနာ ၃၃၆ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၀၆ ခု၊
ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး၊
ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၆ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၄
ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁,၀၀၀) မှ
ဓာတ်ခွဲနမူနာ ၈ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၉၄ ခု၊ စုစုပေါင်း ၂၅၃၅ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဩဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင်
COVID-19
ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၆၅၆ ဦး ရှိလာပြီဖြစ်ပြီး ယင်တို့အနက် ၆ ဦး
သေဆုံး၍ ၃၄၉ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.