ကမ္ဘောဇတိုင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ ၂၅ ရက်ညပိုင်း
ထုတ်ပြန်ချက်တွင် ပါဝင်သည့် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအမှတ်
(၄၇၇) မှာ တောင်ကြီးမြို့မှ ဖြစ်ပြီး ၎င်းသည် ရန်ကုန်သို့ ရောက်ရှိနေသည်မှာ တစ်လခန့်
ကြာမြင့်နေပြီဖြစ်သည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာ ဇဝနကိုက ပြောဆိုခဲ့သည်။
.
.
“သူ့နေရပ်လိပ်စာကတော့ တောင်ကြီးပါ။ ရန်ကုန်မှာ ရောက်နေတာက တစ်လလောက်
ရှိသွားပါပြီ။ ရောဂါနဲ့ ပတ်သက်လို့ တောင်ကြီးမှာ သူနဲ့ဆက်စပ်မှုရှိ/မရှိ ပြန်ပြီးတော့
မေးနေပါတယ်။ ဒါပေမဲ့ ၂၁ ရက် ကျော်နေပြီ ဖြစ်တဲ့အတွက် ဆက်စပ်မှုရှိဖို့ကတော့ ရာခိုင်နှုန်း
နည်းပါတယ်။ ဩဂုတ်လ ၂၂ ရက်က ရောဂါလက္ခဏာ စပြလို့ သူ့ကို စစ်လိုက်တာပါ။ သူက သြဂုတ်လ ၂ ရက်နေ့ကတည်းက
ရန်ကုန်ကို တခြားကိစ္စနဲ့ သွားနေတာပါ” ဟု ဒေါက်တာဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ လူနာအမှတ် (၄၇၇) သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြည်ပသို့ ခရီးသွား ရာဇဝင်နှင့် ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသူဖြစ်ကာ ဩဂုတ်လ ၂၂ ရက်တွင် ရှမ်းပြည်နယ်မှ ရန်ကုန်သို့ရောက်ရှိနေသူဖြစ်ကြောင်း ၎င်း၏ ခရီးသွားရာဇဝင် ဇယားကို လူမှုကွန်ရက် စာမျက်နှာ (facebook)တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၂၅ ရက်)၊ ည
၈ နာရီခွဲထိ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၅၀၄ ဦး ရှိပြီး ယင်းအနက် ၆ ဦး သေဆုံး၍ ၃၄၁ ဦးမှာ ပြန်လည် သက်သာလာပြီဖြစ်ကာ
ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာ ၁၀ ဦး ရှိပြီး အားလုံးမှာ
ရောဂါမှ ပြန်လည်သက်သာ၍ ဆေးရုံဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။
.