စုလှိုင်
.
ရှမ်းပြည်နယ်တွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု
မရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၊
ခရိုင်စီမံခန့်ခွဲမှုကော်မတီများသို့ ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် စည်းကမ်းချက်များ ထုတ်ပြန်
ကြေညာခဲ့သည်ဟု သိရသည်။
.
.
“ဒီနေ့ ၂၁ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်ကြေညာချက်အရ နိုင်ငံအတွင်းမှာ
လူနာ ၄၀၀ ကျော် ရှိနေပြီ။ သေဆုံး တာက ၆ ဦး ရှိတယ်။ ရခိုင်က လူနာအမှတ် (၃၇၅) နဲ့ ပတ်သက်ပြီး
ဆက်စပ်မှုမရှိတဲ့ လူနာတွေမှာ ပိုးတွေ့နေရတဲ့ အတွက် ပြည်တွင်းကူးစက်မှုတွေ ရှိနေတယ်လို့
အကြမ်းဖျဉ်း သုံးသပ်ရတာပေါ့။ ဒုတိယလှိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက
ထုတ်ပြန်ထားတယ်။ ပြည်သူများနဲ့ ဌာနဆိုင်ရာများ လိုက်နာရမယ့် အချက် တွေကို ကျယ်ကျယ်ပြန့်ပြန့်
သိရှိနိုင်ဖို့ ထုတ်ပြန်တာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်း စည်းကမ်းချက်များတွင် ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ
အိမ်ပြင်မထွက်ကြရန်၊ လူစုလူဝေးရှိသည့် နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ Social Distancing ကိုလိုက်နာကြရန်၊ Mask တပ်ဆင်ရန်၊
တစ်ခုခုကို ကိုယ်တွယ်ပြီးတိုင်း လက်ဆေးကြရန်၊ ပြည်ပမှ ပြန်လာသူများကို မဖြစ်မနေ Quarantine ဝင်ရောက်စေရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်၊ ရောဂါအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ၊
သံသယရောဂါ လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် အုပ်ချုပ်ရေးမှူးရုံးများသို့
အမြန်ဆုံး သတင်းပေးပို့ရန်နှင့် ရောဂါအတည်ပြု လူနာများနှင့် ဆက်စပ်ထိတွေ့မှုရှိသူများကို
ရှာဖွေဖော်ထုတ်ရာတွင် အပြည့်အဝပူးပေါင်းပါဝင်ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်ကြောင်း
သိရသည်။
.
ထို့အပြင် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် ပူးပေါင်းပါဝင်ရန်
အချက် ၄ ချက်ကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်ဟု သိရသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ
ဓါတ်ခွဲအတည်ပြုလူနာ ၄၀၉ ဦး ရှိလာ နေပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍ ၃၃၃
ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ ပြည်တွင်းကူးစက်မှု သဖွယ် တွေ့ရှိနေရသည့် ရခိုင်ပြည်နယ်မှ
ဝင်ရောက်လာသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် Quarantine ထားရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.