ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ၂ ဦး အသစ်ခန့်အပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ၂ ဦး အသစ်ခန့်အပ်မည်


ကမ္ဘောဇတိုင်း
.
လာမည့် စက်တင်ဘာလ ၂ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အကြိမ် (၂၀) မြောက် ပုံမှန် အစည်းအဝေး ပထမနေ့တွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ၂ ဦး ခန့်ထားနိုင်ရေးအတွက် အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
“ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးတစ်ဦးက ဩဂုတ်လ ၂၈ ရက်မှာ ပင်စင်ယူသွားပြီ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ အောက်တိုဘာလ ၅ ရက်မှာ ယူဖို့ရှိပါတယ်။ ဒါပေမဲ့ လွှတ်တော်က ရွေးကောက်ပွဲပြီးမှ လုပ်ဖြစ်မှာ ဆိုတော့ ကြားမှာ တရားသူကြီး ခါးဆက်မပြတ်အောင်ရယ်၊ ရှမ်းပြည်နယ်က ကျယ်ဝန်းတဲ့အတွက် လုပ်သားပြည်သူတွေရဲ့ အမှုတွေ ကြန့်ကြာမှုမရှိအောင် နောက် ပင်စင်ယူမယ့် ပုဂ္ဂိုလ်အတွက်ပါ ဖြည့်ဆည်းပြီး  ၂ ယောက် ခန့်ထားမယ်လို့တော့ သိထားပါတယ်” ဟု ရှမ်းပြည်နယ်တရားလွှတ်တော်မှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိတွင် အသစ်ခန့်ထားမည့် တရားသူကြီး ၂ ဦး၏ အမည်စာရင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တင်သွင်းခြင်း မရှိသေးသည့်အတွက် အတိအကျ မသိရှိရသေးဘဲ ယင်း အငြိမ်းစားယူမည့် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ၂ ဦးမှာ ဦးခင်မောင်ဌေးနှင့် ဒေါ်ခင်မေတင့်တို့ဖြစ်ကာ ၎င်းတို့သည် ၂၀၁၁ ခုနှစ် ပထမအကြိမ် အစိုးရ လက်ထက်မှ စတင်၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် လက်ရှိ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်လွှတ်တော် တာဝန်ရှိသူတစ်ဦးကလည်း လာမည့် စက်တင်ဘာလ ၂ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အကြိမ် (၂၀) မြောက် ပုံမှန်အစည်းအဝေး၌ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ၂ ဦး ခန့်ထားနိုင်ရေးအတွက် လွှတ်တော်တွင် အတည်ပြုသွားရန် ရှိနေကြောင်း ပြောဆိုထားသည်။
.
၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၆)၊ တရားစီရင်ရေး၊ ပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ) (၁) တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ် တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း ပြုစု၍ ယင်းအမည်စာရင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန် အမည်စာရင်းကို ပြုစု၍ ယင်းအမည်စာရင်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်း ပြဌာန်းဖော်ပြထားသည်။
.

Journal Download

Photo of three cats