တောင်ကြီးမြို့၊ ညောင်ဖြူစန်းရပ်ကွက်တွင် ရေကြီးရေလျှံမှု လျော့ကျစေရေးအတွက် ရေမြောင်းတူးဖော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ညောင်ဖြူစန်းရပ်ကွက်တွင် ရေကြီးရေလျှံမှု လျော့ကျစေရေးအတွက် ရေမြောင်းတူးဖော်


မင်းမင်း
.
တောင်ကြီးမြို့၊ ညောင်ဖြူစန်းရပ်ကွက်၊ မြင့်မိုရ်လမ်းတွင် ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက ရေနုတ် မြောင်း တူးဖော် ပြင်ဆင်ပေးလျက်ရှိသည်ဟု သိရသည်။
.

.
“နှစ်တိုင်း မိုးတွင်းရောက်ပြီဆိုရင် မြင့်မိုရ်လမ်းထဲက ချယ်ရီကွင်းဟိုတယ်နဲ့ ရွှေဆည်းဆာ ဓါတ်ဆီဆိုင်ရှေ့မှာ ရေဝပ်ရေလျှံတာ ခဏ ခဏပဲ။ ဒီနားက နေတဲ့လူတွေအတွက် သွားရေးလာရေး ခက်သွားတာပေါ့။ ရေတွေဝပ်နေတော့ ဖောက်သည်တွေက သိပ်မလာတော့ဘူး။ အခုစည်ပင်က ရေဝပ်ရေလျှံတာတွေ နည်းသွားအောင် အဲဒီလမ်းထဲက ရေမြောင်းရဲ့ လမ်းကြောင်းကို ပြင်တူးမယ်ဆိုတော့ ဒီနားကလူတွေအတွက် အဆင်ပြေတာပေါ့။ စည်ပင် အလုပ်သမား တွေက ရေမြောင်းလဲချဲ့တူးပေးနေပြီ"ဟု ညောင်ဖြူစခန်းရပ်ကွက်၊ မြင့်မိုရ်လမ်းအတွင်း စျေးရောင်းချသူ ဒေါ်နန်းငယ် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ မြင့်မိုရ်လမ်းအတွင်းရှိ ရေနုတ်မြောင်းမှာ ကျဉ်းမြောင်းသည့်အပြင် S Curve သဏ္ဍန် ရှိသောကြောင့် နှစ်စဉ် မိုးရာသီအတွင်း၌ မိုးရွာသွန်းမှုကြောင့် ရေဝပ်ရေလျံမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ရေဝပ်ရေလျှံမှုများ မဖြစ်ပွားစေရန် သက်ဆိုင်ရာဌာနများမှ နည်းပညာရှင်များနှင့် လုပ်သား အကူညီ ရယူကာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်လိုသော်လည်း ကုန်ကျစရိတ်များပြားသည့်အတွက် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ယခု ကဲ့သို့ စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
"ချယ်ရီကွင်းရှေ့နဲ့ အနီးတစ်ဝိုက်မှာ နှစ်စဉ် မိုးတွင်းမှာ ရေဝပ်ရေလျှံတာ ခဏခဏဖြစ်နေတော့ ပြည်သူတွေ သွားလာဖို့ အခက်ခဲတွေဖြစ်နေတာပါ။ မြင့်မိုရ်လမ်းထဲရှိတဲ့ ရေမြောင်းက ‘S’ ပုံစံကွေ့ကောက်စီးဆင်းတဲ့အပြင် ရေမြောင်းက ကျဉ်းနေလို့ပါ။ အဲဒီလိုဖြစ်တာတွေ လျော့နည်းလာစေဖို့ ကျွန်တော်တို့ ဌာနနဲ့ ပညာရှင်တွေက မြေပြင်မှာ ကွင်းဆင်း စစ်ဆေးပြီး ရေမြောင်းကို လမ်းကြောင်းအသစ်ဖောက်ပေးတာပါ။ နောက်ရေမြောင်းကိုလည်း ရေရှည်ခိုင်ခန့်အောင် တိုးချဲ့ တူးဖော်ပေးတာပါ” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန စည်းကမ်းထိန်းသိမ်းရေးဌာနစိတ်မှ တာဝန်ကျဝန်ထမ်းတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးတွင်လည်း နှစ်စဉ် မိုးရာသီအတွင်း၌ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိသဖြင့် ၎င်းရေကြီးရေလျှံခြင်းများ လျော့နည်းသွားစေရန်ရည်ရွယ်ကာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ရေမြောင်းများ တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats