စိုင်းသိင်္ခသူ
.
ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နသည့်
နယ်စပ်တစ်လျှောက်တွင် တရားမဝင် ခိုးဝင်မှုများအား တင်းကြပ်စွာစောင့်ကြပ်
စစ်ဆေးရန်နှင့် တရားဝင်
ရောက်ရှိလာသူများကိုလည်း ကျန်းမာရေး စစ်ဆေးမှု
ပြုလုပ်ရန် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈
ရက်နေ့က ညွှန်ကြားထားကြောင်း ထိုင်းနိုင်ငံ မီဒီယာများက ဖော်ပြထားသည်။
.
.
မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၆ ရက်မှ စတင်၍ COVID 19 ကူးစက်ခံရသူ
အရေအတွက် တဟုန်တိုး မြင့်တက်နေသဖြင့် မြန်မာဘက်မှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ COVID 19 ကူးစက်ခံရခြင်း
မရှိစေရေးအတွက် ထိုကဲ့သို့ ထုတ်ပြန်ရခြင်းဟု ဆိုသည်။
မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက် ခိုးဝင်လမ်း ရှိသည့်
နေရာများကို ရှာဖွေ ပိတ်ဆို့ စစ်ဆေးကြရန်နှင့် တရားဝင် ဖြတ်သန်းဝင်လာသူများကိုလည်း
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး သံဆူးကြိုး ကာရံခြင်း၊ နေ့ ည
ကင်းပုန်းဝပ်ခြင်း၊ လှည့်ကင်းများ၊ Drone များဖြင့်
စောင့်ကြည့်သွားရန် ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ၊ ချင်းရိုင်၊
တပ် ၊ ချင်းမိုင်ခရိုင်များမှ မယ်ဆော့အထိ နယ်စပ် တစ်လျှောက်တွင် အထူး
စောင့်ကြပ်နေခြင်း ဖြစ်ပြီး အထူးသဖြင့် ခိုးဝင်ပေါက် အများဆုံး ရှိသည့် နေရာများကို
တင်းကြပ်စွာ စောင့်ကြည့်နေကြောင်း ထိုင်းမီဒီယာများက ရေးသားထားသည်။
.
ယင်းကဲ့သို့ လုံခြုံရေးများ တိုးမြင့်ချထားခြင်းသည် COVID-19 ရောဂါကို
ကာကွယ်ရုံ တင်သာမက မူးယစ်ဆေး ခိုးသွင်းမှု၊ လူကုန်ကူးမှုနဲ့ တရားမဝင် အလုပ်သမား
ဝင်ရောက်လာမှု၊ ဒုစရိုက်မှု နှိမ်နင်းရေးများ အတွက်လည်း ပါဝင်ကြောင်း သိရသည်။
.
ထိုင်းနိုင်ငံတွင် သြဂုတ်လ ၂၈ ရက်၊ နံနက်အထိ COVID-19 အတည်ပြုလူနာ ၃၄၁၀
ဦး တွေ့ရှိထားပြီး ယင်းအနက် သေဆုံးသူ ၅၈ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပြန်ချက်အရ
သိရသည်။
.