မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ကျန်ရှင်းပြည်နယ်တွင် လူကုန်ကူးခံရသူ အမျိုးသမီးတစ်ဦး
တိုက်ပေါ်မှ ခုတ်ချထွက်ပြေးရာမှ ခြေ ၂ ဘက် ကျိုး၍ ဆေးကုသမှုခံယူလျက်ရှိရာ အခက်အခဲများ
ကြုံတွေ့နေရသဖြင့် ရွှေလီအခြေစိုက် မိုးမဖဖောင်ဒေးရှင်းမှ မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်
ဆက်သွယ်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
.
.
“တရုတ်ယောက်ျားတော့ မယူနိုင်ဘူး။ သေရင် သေပါစေ မထူးဘူးဆိုပြီး
လူလစ်တာနဲ့ ပြတင်းပေါက်က ခုန်ချခဲ့တာ။ တခြား ကလေးမ ၂ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်။
တခြား ၂ ယောက်ကိုတော့ ဘယ်ပို့လိုက်မှန်း မသိဘူးလို့ ပြောတယ်။ အခုတော့ ဒီမနက်အစော ဖုန်းဆက်လာတယ်။
တရုတ်ရဲတွေက ဆေးကုသပေးမယ် ပြောသလို ဆေးရုံက ဆရာဝန် ၁၀ ယောက်ကလည်း မနက်ဖြန် ခွဲစိပ်ပေးမယ်ဆိုပြီး
လာကြည့်တယ်လို့ သိရတယ်” ဟု မိုးမခဖောင်ဒေးရှင်း နာယက ဒေါ်မိုးမခက ကမ္ဘောဇတိုင်းသို့
ပြောသည်။
အဆိုပါ ပြတင်းပေါက်မှ ခုန်ချထွက်ပြေးပြီး ဆေးကုသမှု ခံယူနေသူမှာ
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး
၎င်းနှင့်အတူ အခြား ရွယ်တူအမျိုးသမီး ၅ ဦးခန့် ရှိနေကာ တရုတ်မယား အဖြစ် အတင်းပေးစားခြင်း၊
ရိုက်နှက်ခြင်း၊ အစားမကျွေးဘဲ ပိတ်လှောင်ခြင်းများ ပြုလုပ်ထားသဖြင့် အားလုံး လွတ်မြောက်နိုင်ရေးအတွက်
၎င်းမှ ဇူလိုင်လ ၁၂ ရက်၊ မွန်းလွဲ ၁ နာရီခန့်က တိုက်ပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိုသို့ ခုန်ချမှုကြောင့် ယင်းအမျိုးသမီးတွင် ခြေ ၂ ဘက် ကျိုးသွားခဲ့သဖြင့်
ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူနေ ခြင်းဖြစ်ပြီး ဆေးကုသခ ယွမ် ၄၀၀၀၀ တောင်းခံနေသဖြင့်
မတတ်နိုင်ဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရေး ကိုသာ တောင်းခံနေရာမှ မိုးမခဖောင်ဒေးရှင်းသို့
ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“သံရုံးနဲ့ ရွှေလီလူကုန်ကူးရဲတပ်ဖွဲ့ကို ကယ်ဆယ်ကူညီဆောင်ရွက်ပေးနိုင်ရေး
စာပို့အကူအညီတောင်းခံထားပါတယ်” ဟု မူဆယ် လူကုန်တားရဲတပ်ဖွဲ့မှ ရဲမှူးမင်းနိုင်က ပြောသည်။
.
အဆိုပါ ကျန်ရှင်းပြည်နယ်မှာ ရွှေလီမြို့မှ ၃ ရက် ၃ ည ခန့်
ကားမောင်းသွားရသည့် အကွာအဝေးရှိ တရုတ်နိုင်ငံ အရှေ့ပိုင်း ပြည်နယ်တစ်ခုဖြစ်ကာ ယင်း
တိုက်ပေါ်ခုန်ချခဲ့သူကို သွားရောက်ခေါ်ယူခဲ့သည့် အချိန်က တရုတ်ရဲတပ်ဖွဲ့မှ တွေ့ရှိကယ်တင်နိုင်ခဲ့သူ အခြား အမျိုးသမီး ငယ် ၂
ဦးမှာ ရဲစခန်းတွင် ရှိနေကြောင်းသိရသဖြင့် ဆက်လက်ကယ်ဆယ် ကူညီ
နိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
.