ရပ်ကွက်အတွင်း အော်ဟစ်ဆူပူသောင်းကျန်းသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသည့်ကိစ္စအား မကျေနပ် ရာမှ လူသတ်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်ကွက်အတွင်း အော်ဟစ်ဆူပူသောင်းကျန်းသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသည့်ကိစ္စအား မကျေနပ် ရာမှ လူသတ်မှုဖြစ်ပွား


ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၇) ရပ်ကွက်တွင် အော်ဟစ်ဆူပူသောင်းကျန်းသဖြင့် ရာအိမ်မှူးမှ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသည့်ကိစ္စအား မကျေနပ်သည့်ကိစ္စဖြင့် အချင်းများရာမှ ရာအိမ်မှူး၏ဇနီးအား အမျိုးသာတစ်ဦးက လက်သီးဖြင့်ထိုးရာ ရရှိဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
အေးသာယာမြို့၊ ရပ်ကွက် (၇) နယ်မြေ (၁၂) နေ ရာအိမ်မှူး ဦးဝင်းမောင်၏ဇနီး ဒေါ်နန်းမြရီနှင့် သမီး မဆောင်းနှင်းဝေ တို့သည် ဩဂုတ်လ ၂၄ ရက်၊ ည ၉ နာရီခွဲခန့်က နေအိမ်တွင် ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ကျော်ရဲအောင်နှင့် သူရအောင် (ခ) ကိုသူတို့ ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးမှ ရပ်ကွက်အတွင်း အော်ဟစ်ဆူပူ ရမ်းကားနေသည်ကို ဦးဝင်းမောင်က ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသည့် ကိစ္စအား မကျေနပ်သဖြင့် လာပြောသည်ဟု ပြောရာ ဒေါ်နန်းမြရီမှ ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြောဆိုပြီး စကားများရန်ဖြစ်ရာမှ ကျော်ရဲအောင်က ဒေါ်နန်းမြရီအား လက်သီးဖြင့်၂ ချက်  ထိုးခဲ့ရာ ဒေါ်နန်းမြရီမှာ ဝဲဘက်မျက်လုံးအောက်နှင့် ဝဲဘက်ရင်အုံ နာကျင် ဒဏ်ရာများ ရရှိခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ရာမှ ရရှိဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“နယ်မြေ (၁၂) ရာအိမ်မှူးရဲ့ အမျိုးသမီး သေသွားတာ ဟုတ်ပါတယ်။ ရာအိမ်မှူးမိန်းမက သူ့ကို ကိုယ်ထိလက်ရောက် စော်ကားတယ်ဆိုပြီး လာတိုင်တယ်။ သူကရင်အုံကို အထိုးခံထားရတော့ ဆေးရုံတက်ရမယ်ဆိုလို့ စဝ်စံထွန်းဆေးရုံ လိုက်ပို့ပြီး ဆေးစာတွေယူပြီးပြန်လာတယ်။ ညရောက်တော့ ဆေးရုံမှာပဲ အထိုးခံထားရတဲ့ ဒဏ်ကြောင့် သေဆုံးသွား တယ်” ဟု အေးသာယာမြို့၊ အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အေးသာယာနယ်မြေရဲစခန်းမှ ခေတ္တနယ်မြေစခန်းမှူး ရဲအုပ် အောင်မြင့်ကျော်ကလည်း “ရပ်ကွက်ထဲမှာ အမြဲတမ်း အရက်မူးပြီး ရမ်းကားနေလို့ ရာအိမ်မှူးက မင်းတို့ ဆက်သောင်းကျန်းနေမယ်ဆို ငါရဲစခန်းတိုင်မယ်ဆိုပြီး ပြောလိုက်တာကို မကျေနပ်လို့ ကျော်ရဲအောင်နဲ့ သူ့ညီ ကိုသူတို့က အိမ်ကိုလိုက်သွားပြီး ပြဿနာရှာတာပါ။ သူတို့ ၂ ယောက်ကို အဲဒီနေ့ကတည်းက ဖမ်းပြီး အေးသာယာနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား အေးသာယာနယ်မြေရဲစခန်းတွင် (ပ)၁၀၃/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ရာအိမ်မှူး ဦးဝင်းမောင်မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် တရားလိုပြုလုပ် တိုင်တန်းထားသည်ဟု သိရသည်။
.

Journal Download

Photo of three cats