အောင်ပန်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃ ဦးကို ဖမ်းမိ - Kanbawza Tai News

Breaking

Sunday, August 2, 2020

အောင်ပန်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃ ဦးကို ဖမ်းမိ


ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃ ဦးကို သြဂုတ်လ ၁ ရက် ၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်တပ်ဖွဲ့စု(၂၅) မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ပင်လောင်း-အောင်ပန်းသွား ကားလမ်း၊ နမ့်အွန်တံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် ခွန်စံသိန်း (ခ) တရွှေနှင့် ထွန်းငွေတို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်အတွင်း အံဝှက် အတွင်းမှ ခန့်မှန်း ကာလတန်ဖိုးငွေကျပ် ၁၄၄ သိန်းရှိ ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေး တစ်ထုပ်လျှင် ၁ ဒသမ၅ ကီလိုခန့်စီပါ ၁၆ ထုပ်၊  စုစုပေါင်းအလေးချိန် ၂၄ ကီလိုခန့်ကို ရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.

ယင်းနောက် ခွန်စံသိန်းနှင့် ထွန်းငွေတို့၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိသည့် ဘိန်းစိမ်းများမှာ ၄င်းတို့ ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်နေ မမြရှင်ဆိုသူမှ ဖုန်းဖြင့်ဆက်သွယ် မှာယူသဖြင့် လာရောက် ပို့ဆောင်ရခြင်း ဖြစ်ကြောင်း သိရသဖြင့် မမြရှင်၏ နေအိမ်သို့ သွားရောက် ရှာဖွေရာ မမြရှင်ကို နေအိမ်တွင် တွေ့ရှိရသော်လည်း မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား ရောင်းဝယ်/သုံးစွဲရန် သယ်ဆောင်လာသူ ပင်လောင်းမြို့နယ်၊ လုံးပြင်ကျေးရွာအုပ်စု၊ ဆောင်းပြောင်းကျေးရွာနေ ခွန်စံသိန်း (ခ) တရွှေ၊ ထွန်းငွေတို့ ၂ ဦးနှင့် မူးယစ်ဆေးဝါးများအား ဆက်သွယ် ဝယ်ယူခိုင်းသူ မမြရှင်တို့အား ကလောမြို့မရဲစခန်းမှ မယ(ပ) ၂၄/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats