ရဲဘော်မြသိန်း (ဟိုပုံး)
.
"တက္ကသိုလ်ဝင်တန်း"ကို အများ နားလည်လွယ်တဲ့ စကား နဲ့
"ဆယ်တန်း"လို့ပဲ အဦးဆုံး သုံးနှုန်းလိုက်ပါရစေ။ ၉.၈.၂၀၂၀ နေ့က ၁၀ တန်း စာမေးပွဲ
အောင်စာရင်းတွေ ထွက်ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လ အတွင်းက ကျင်းပခဲ့တဲ့ ၁၀ တန်းစာမေးပွဲ
ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖြေဆိုသူ ၉၁၀၂၂၉ ဦး ရှိခဲ့ပြီး ၂၉၁၇၉၈ ဦး အောင်မြင်ကာ
အောင်ချက် ရာ ခိုင်နှုန်း ၃၂ ဒသမ ၀၆ ဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးက ဖြေဆိုသူ ၁၂၇၅၆၀
ဦး ဖြစ်ပြီး ၄၇၈၄၉ ဦး အောင်မြင်ကာ အောင်ချက် ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ နဲ့ အကောင်းဆုံး
နံပါတ် တစ် ပထမ ရရှိပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်ကတော့ ဖြေဆိုသူ ၆၂၄၂၃ ဦးဖြစ်ပြီး
၁၇၀၂၁ ဦး အောင်မြင်ကာ အောင်ချက် ရာခိုင်နှုန်း ၂၆ ဒသမ ၁၂ နဲ့ တစ်နိုင်ငံလုံး အတိုင်း
အတာအရ အဆင့် ၁၃ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် နောက်မှာ ချင်း ပြည်နယ်သာ ရှိပါတော့တယ်။ ၁၀.၈.၂၀၂၀
နေ့ထုတ် မြန်မာ့ အလင်း သတင်းစာအရ ကျွန်တော် ကောက်နုတ် တွက်ချက် တင်ပြတာ ဖြစ်ပါတယ်။
.
အဲဒီ သတင်းစာမှာ ဖော်ပြချက်အရ တစ်နိုင်ငံလုံး အတိုင်း အတာ အနေနဲ့
၃၂ ရာခိုင်နှုန်း အောင်တယ်ဆိုတော့ ၆၈ ရာခိုင် နှုန်းက ကျရှုံးတဲ့သဘော ဖြစ်ပါတယ်။ ထုံးစံအတိုင်း
အခုနှစ် ၁၀ တန်း စာမေးပွဲမှာလည်း ကျရှုံးတဲ့ ရာခိုင်နှုန်းက အောင်မြင်တဲ့ ရာခိုင်နှုန်းထက်
ပို များပါတယ်။ ကျွန်တော်ဟာ အောင်မြင်တဲ့ ကျောင်းသားကျောင်းသူတွေကို အထူးအထွေ ဘာမျှ
မပြောချင် ပါ။ ဂုဏ်ထူးတစ်ဘာသာမှ ဘာသာစုံ ဂုဏ်ထူးထွက်ကြသူတွေကို လည်း ဘာမျှ မပြောချင်ပါ။
သူတို့ရဲ့ အောင်မြင်မှုတွေကို ကြိုဆို ပါတယ်။ အသိအမှတ် ပြုပါတယ်။ ချီးကျူးဂုဏ်ပြုပါတယ်။
ဒါပေ မဲ့ ကျွန်တော်ဟာ လူအများစု (ကျောင်းသူကျောင်းသား အများစု) ကြီးဖြစ်တဲ့ ကျရှုံးသူတွေကို
အထူးပြောချင်ပါတယ်။အထူး အား ပေးချင်ပါတယ်။ နောက်ပြီး အထူးထဲက အထူးအဖြစ် ၁၀ တန်း စာမေးပွဲ
၂ ကြိမ်နဲ့ ၂ ကြိမ်အထက် ကျရှုံးသူတွေကို ပိုပြီး ပြောချင် ပါတယ်။ ပိုပြီး အားပေးချင်ပါတယ်။
သူတို့ဟာ မိခင်နေ့ကျောင်း မှာ နေခွင့် မရတော့ဘဲ ညှိုးညှိုးငယ်ငယ်နဲ့ သိမ်ငယ်စိတ်တွေ
ဝင် ပြီး ပြင်ပက ဖြေဆိုကြရတော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ အောက်ပါ ဖြစ်စဉ် ၄ ခုကို
လေ့လာဖတ်ရှုကြည့်ပါ။ တကယ့် အ ဖြစ်အပျက်တွေပါ။
.
ဖြစ်စဉ် ၁
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် အထက(၂)၊ ၁၉၆၆/၆၇ ပညာသင်နှစ်က
"ထွန်းခင်"ဆိုသူဟာ ကျွန်တော့်ရဲ့ ၁၀ တန်းအ ခန်းဖော် သူငယ်ချင်း ဖြစ်ပါတယ်။
သူဟာ သာမန်ကျောင်းသား တစ်ဦးသာ ဖြစ်ပါတယ်။ စာမတော်ပါ။ လပတ် အစမ်း စာမေးပွဲ တွေမှာ အောင်မြင်တာ
ရှိသလို ကျရှုံးတာတွေလည်း ရှိပါတယ်။ ဒါက သူ့ကို သာမန်အကဲဖြတ်နိုင်တဲ့ အချက်တစ်ချက်ပါ။
သူဟာ ပုံမှန်လောက်သာ စာကြိုးစားသူ ဖြစ်ပါတယ်။ သူလိုကိုယ်လို ၁၀ တန်း အောင်ချင်သူတော့
ဖြစ်ပါတယ်။ အောင်ချင်တဲ့စိတ်ဓာတ် တော့ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ စာသင်နှစ်က သူ စာမေးပွဲ
ကျပါ တယ်။ ကျွန်တော်ကတော့ အောင်ပါတယ်။ အောင်အောင်ချင်း နှစ်မှာပဲ အလုပ်ခွင်တစ်ခု ကျွန်တော်
ဝင်ပါတယ်။ လုပ်သားများ ကောလိပ် ဆက်တက်ခဲ့ပါတယ်။ ထွန်းခင်ဟာ ၁၀ တန်းကို ဒုတိ ယအကြိမ်
ထပ်ဖြေပါတယ်။ ၁၉၆၇/၆၈ ပညာသင်နှစ်မှာပါ။ ထပ် ပြီး စာမေးပွဲ ကျရှုံးပြန်ပါတယ်။ သူတက်နေတဲ့
အထက်တန်း ကျောင်းက ထွက်ရပြီပေါ့။ ကျွန်တော်ဟာ ထွန်းခင်ကို အဲ့ဒီတုန်း က လူငယ်စိတ်နဲ့
အထင် မကြီးခဲ့သလို ဖြစ်ခဲ့ပါတယ်။ သူ့ကို အ ထင်မကြီးတဲ့စိတ်ဟာ နောက်တစ်နှစ် ၁၉၆၈/၆၉
ပညာသင်နှစ် မှာ ပိုမို ခိုင်မာသွားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူဟာ အဲ့ဒီနှစ် မှာလည်း
၁၀ တန်း စာမေးပွဲ ထပ်ကျပြန်လို့ပါ။ သူ ၁၀ တန်း ၃ နှစ်ဆက်တိုက်ကျတော့ လူငယ်စိတ်နဲ့ပဲ
ကျွန်တော်သူ့ကို အထင် သေးလိုက်မိပါတယ်။ ဘယ်တော့မှ ၁၀ တန်းအောင်မှာ မဟုတ်တဲ့ ကောင်လို့
မှတ်ချက် ချလိုက်ပါတယ်။ သူက ကျွန်တော် စာမေးပွဲ အစောကြီး အောင်ခဲ့တာကို အားကျကြောင်း၊
သူ ၁၀ တန်းဆက် ဖြေမှာ ဖြစ်ကြောင်း ပြောရှာပါတယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကို သိပ်စိတ်မဝင်စားတော့ပါ။
ကျွန်တော်လည်း အလုပ်တာဝန်နဲ့ ရှမ်းပြည်နယ်ဘက် ပြောင်းရွှေ့လာရလို့ သူနဲ့ အဆက်အသွယ်
ပြတ်တောက်ခဲ့ပါတယ်။
.
.
ကျွန်တော်ဟာ ဟိုပုံးမြို့မှာ နှစ်အတန်ကြာ ဘဝကို ကျင် လည်ဖြတ်သန်းခဲ့ပါတယ်။
အိမ်ထောင်ကျပြီး ကိစ္စများမြောင် လူတို့ဘောင် ဘဝနဲ့ နှစ်မြှုပ် နေထိုင်ခဲ့ပါတယ်။ နိုင်ငံ့အလုပ်တာ
ဝန်တွေကလည်း အထိုက်အလျောက် များပြားခဲ့ပါတယ်။ ကျွန် တော့ သူငယ်ချင်း ထွန်းခင်ကိုလည်း
မေ့တေ့တေ့ ဖြစ်ခဲ့ပါတယ်။ နှစ်အတန် ကြာပြီး ရက်တစ်ရက်မှာ ကိစ္စတစ်ခုနဲ့ ကျွန်တော် ရန်
ကုန်ကို ခေတ္တရောက်ခဲ့ပါတယ်။ နှစ်အတန်ကြာဆိုတာ ကျွန် တော် အသက် ၆၀ ပြည့်လို့ အငြိမ်းစား
ယူပြီးမှ ရန်ကုန်ရောက် တာပါ။ ဒါနဲ့ ထွန်းခင်ကို တွေ့အောင် ရှာပါတယ်။ သူနဲ့တွေ့တော့
သူက ၁၀ တန်း ၃ နှစ် ဆက်ကျပြီး ၄ နှစ်မြောက် ဖြေဆိုတဲ့အခါမှာ (ခ) နဲ့ အောင်တဲ့အကြောင်း
၅ နှစ်မြောက်မှာတော့ ကျွတ်ကျွတ်လွတ် လွတ် အောင်ကြောင်း ရန်ကုန်တက္ကသိုလ် တက်ခဲ့ကြောင်း
ဥပ ဒေဘွဲ့ ရကြောင်း၊ သူ အလုပ်ခွင် ဝင်ရာမှာ ဥပဒေဝန်ထမ်းဘဝနဲ့ အငြိမ်းစား ယူခဲ့ကြောင်း၊
အခု ဥပဒေပညာနဲ့ပဲ ပြင်ပမှာ ရှေ့နေ လိုက်နေကြောင်း စသဖြင့် ပြောပြပါတယ်။ ငယ်ငယ်တုန်းက
သူ ငယ်ချင်း ၂ ယောက် အဘိုးကြီးတွေဘဝမှာ ပြန်လည် တွေ့ဆုံ ဆွေးနွေးကြခြင်းပေါ့ဗျာ။ အင်း
ကျွန်တော်နဲ့ အငြိမ်းစားချင်း တူ ပေမယ့် သူ့အလုပ်က အခုထိ ရှိနေသေးတဲ့ သဘောဖြစ်လို့
ကျွန် တော့်ထက်တောင် ဘဝလမ်းကြောင်း ဖြောင့်တန်းချောမွေ့နေ ကြောင်း ကျွန်တော် သုံးသပ်တွေ့ရှိလိုက်ပါတယ်။
.
ဖြစ်စဉ် ၂
အထက်ဖြစ်စဉ် ၁ က ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် အထက(၂)ကပါပဲ။
၁၉၆၆/၆၇ ပညာသင်နှစ်ကပါပဲ။ ထွန်းခင်နဲ့ ကျွန်တော့်လိုပဲ "ခင်မာမာ"ဆိုတဲ့ မိန်းကလေးဟာ
ကျွန်တော့် သူ ငယ်ချင်း ဖြစ်ပါတယ်။ ထွန်းခင်နဲ့လည်း သူငယ်ချင်း ဖြစ်ပါတယ်။ ခင်မာမာဟာ
စာတော်ပြီး လပတ်အစမ်း စာမေးပွဲတွေမှာ ပထမ ဒုတိယ၊ တတိယ တစ်ခုခု အမြဲရပါတယ်။ ဆရာ/ဆရာမတွေက
ချစ်ခင်သလို ကျောင်းသားကျောင်းသူတွေကလည်း သူ့ကို အား ကျကြပါတယ်။ ၁၀ တန်း စာမေးပွဲမှာ
အောင်ရမယ့်သူစာရင်းမှာ သူ ထိပ်ဆုံးက ပါတယ်။ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားကျောင်း သူတွေ
အားလုံး ကြိုတင် ခန့်မှန်းထားကြခြင်း ဖြစ်ပါတယ်။ ဒါ ပေမဲ့ ခင်မာမာဟာ အဲ့ဒီနှစ်က စာမေးပွဲ
ကျရှုံးပါတယ်။ အားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။ ထွန်းခင်နဲ့ ကျရှုံးတဲ့ နှစ် တူပါတယ်။
.
ခင်မာမာဟာ နောက်တစ်နှစ်မှာ ၁၀ တန်း ပြန်ဖြေပါတယ်။ ကျိန်းသေပေါက်
အောင်မြင်မဲ့ ကျောင်းသူတစ်ယောက်လို့ ဆရာ/ ဆရာမ တွေနဲ့ အတန်းသူ အတန်းသားအားလုံးက နားလည်
လက်ခံထားကြပါတယ်။ ဒါပေမဲ့ ခင်မာမာဟာ အဲ့ဒီနှစ်မှာလည်း ကျရှုံးပြန်တယ်။ ၂ နှစ် ဆက်တိုက်
ကျရှုံးတဲ့အတွက် ကျောင်း ထွက်ရပါတယ်။ ထွန်းခင်နဲ့ ၁၀ တန်းကျ ဘဝချင်းတွေ အတူတူပါ။ ထွန်းခင်က
သာမန် စာမတော်ဘဲ ကျတယ်၊ ခင်မာမာကတော့ စာတော်ပေမယ့် ကျတယ်၊ ဘာပဲဖြစ်ဖြစ် ခင်မာမာဟာ မိန်းက
လေးဆိုတော့ သူများက ဝိုင်းပြီး အထင်ကြီးထားသူဆိုတော့ သူ သိပ်ရှက်သွားပုံ ရပါတယ်။ ဘယ်သူငယ်ချင်းနဲ့မဆို
ခင်မာမာ အ တွေ့မခံတော့ပါဘူး။ သူ့ကို ကျွန်တော်တို့ မတွေ့မိတော့ပါဘူး။
.
အဲ့ဒါနဲ့ တစ်နေ့မှာ ကျွန်တော်ဟာ အပေါင်းအသင်းတစ်စုနဲ့ လူငယ်တွေ
ဘာသာဘဝ အင်းယားကန်မှာ ရေချိုးပြီး ရန်ကုန် တက္ကသိုလ်ဝန်း အသီးသီးကို ဖြတ်လျှောက်ကာ
နေအိမ်ဖြစ်တဲ့ လမ်းမတော်ဘက်ကို ပြန်ခဲ့ပါတယ်။ တက္ကသိုလ် နယ်မြေထဲဖြတ် လျှောက်တုန်း
မမျှော်လင့်ဘဲ တက္ကသိုလ်ရိပ်သာလမ်း တစ်လမ်း မှာ ခင်မာမာကို တွေ့ရပါတယ်။ သူက ပျဉ်းမနားမြို့
ဆွေမျိုးများ အိမ် သွားရောက်နေထိုင်ကာ ၁၀ တန်းကို ၃ ကြိမ်မြောက် ဆက် ဖြေခဲ့တဲ့အကြောင်း၊
အောင်မြင်လို့ ပညာရေးတက္ကသိုလ် တက် နေတဲ့အကြောင်း ပြောပြီး သူ့အဆောင်(ကျောင်းအိပ်ကျောင်းစား
အဆောင်)ကို လက်ညှိုးထိုးပြပါတယ်။ ကျွန်တော် သိပ်မအံ့ဩ သလို၊ အံ့ဩသလို ၂ မျိုး ခံစားရပါတယ်။
ဒီအကြောင်းတွေကို ကျွန်တော် ထွန်းခင်ကို ပြောပြဖြစ်ခဲ့ပါသေးတယ်။ အဲ ထွန်းခင်နဲ့ ကျွန်တော်
ရန်ကုန်မှာ အဘိုးကြီးတွေ ဘဝနဲ့ တွေ့ကြတော့ တစ် နည်းအားဖြင့် နောင်နှစ်ပေါင်း ၅၀ လောက်
ကြာသောအခါ ဆိုပါ တော့ ထွန်းခင် ပြောပြချက်အရ ခင်မာမာဟာ ပညာရေးဌာနမှာ အထက်တန်းပြ ဆရာမ၊
အလယ်တန်းကျောင်းအုပ်၊ အထက် တန်းကျောင်းအုပ်၊ မြို့နယ် ပညာရေးမှူးနဲ့ ပြည်နယ် လက် ထောက်
ညွှန်မှူးတာဝန်တွေ ထမ်းဆောင်ပြီး အငြိမ်းစား ယူသွား ကြောင်း သိရှိရပါတယ်။ ၁၀ တန်း စာမေးပွဲ
၂ ကြိမ် ကျရှုံးဖူးပြီး ဘဝမှာ အထိုက်အလျောက် တင့်တောင့်တင့်တယ် ဖြစ်ခဲ့တာကို ပြောဆိုလိုရင်းပါ။
.
ဖြစ်စဉ် ၃
တောင်ကြီးမြို့က ကျွန်တော့်တူမ လွင်လွင်ဌေး(အခု အေး သာယာမြို့နေ)ဟာ
၁၉၇၃ ခုနှစ်က ၁၀ တန်း စာမေးပွဲ ဖြေပါ တယ်။ ကျရှုံးပါတယ်။ ၁၉၇၄ ခုနှစ်မှာ ထပ်ဖြေတာ
(ခ)နဲ့အောင် ပါတယ်။ ၁၉၇၅ နဲ့ ၁၉၇၆ တွေမှာ ထပ်ဖြေတာ ၂ နှစ်ဆက်တိုက် ကျရှုံးပါတယ်။ ၁၉၇၇
မှာ (ခ)နဲ့ အောင်ပြီး ၁၉၇၈ မှာ ထပ်ဖြေပါ တယ်။ ကျရှုံးပြန်ပါတယ်။ ၁၉၇၉ မှာတော့ ၁၀ တန်း(က)နဲ့
အောင်ပါတယ်။ သူ ၁၀ တန်း ဖြေဆိုတဲ့ နှစ်တစ်နှစ်မှာ အခန်း စောင့် ဆရာမက သူ စာသင်ပေးဖူးတဲ့
သူ့တပည့်ဖြစ်နေလို့ ပြုံး ခဲ့ရသေးကြောင်း ပြောပြပါတယ်။ သူဟာ ၁၉၇၄ က ၁၀ တန်း (ခ)နဲ့
အောင်လို့ လူမှုဝန်ထမ်းဌာန မူကြိုဆရာမ၊ အဲ့ဒီကမှ ပညာ ရေးဌာနကို ပြောင်းပြီး မူလတန်းပြ
ဆရာမ စသဖြင့် အလုပ်အ ကိုင်တွေ ရရှိခဲ့ပါတယ်။ နောက်ပြီး အဝေးသင် တက္ကသိုလ်တက် ကာ ဘွဲ့ရခဲ့ပါတယ်။
သူဟာ သူများတွေရတဲ့ ဝိဇ္ဇာဘွဲ့(B.A)ထက် မြင့်တဲ့ (B.B.B.A)ဘွဲ့ ရခဲ့ပါတယ်တဲ့။ ၁၀ တန်းမှာ
B ၂ ခါနဲ့အောင် ခဲ့လို့တဲ့။ အဲ့ဒီအခါ အလယ်တန်းပြ ဆရာမ ဖြစ်လာပါတယ်။ နောက်ဆုံး ပညာရေးဌာနမှာ
အထက်တန်းပြ အဖြစ် တိုးမြှင့်ခံရ ပြီး အငြိမ်းစားယူခဲ့ပါတယ်။ ၁၀ တန်း စာမေးပွဲ အကြိမ်ကြိမ်ကျ
ရှုံးပေမယ့် ဘဝမှာ အတန်အသင့် နေရာ ရခဲ့တာကို ပြောချင်တာ ပါ။
.
ဖြစ်စဉ် ၄
ညောင်ရွှေမြို့က ကျွန်တော့်တူမ နီလာဟာ ၁၉၈၁ နဲ့ ၁၉၈၂ တွေမှာ ၁၀
တန်း စာမေးပွဲ ၂ ကြိမ်ဆက် ရှုံးပါတယ်။ ကျောင်း ထွက်ရပါတယ်။ ၁၉၈၃ မှာ ကျွန်တော်တို့
မိသားစု နေထိုင်ရာ ဟိုပုံးမြို့အိမ်မှာ လာနေပါတယ်။ ညကျောင်းတက်ရင်း ၁၀ တန်း ပြန်ဖြေပါတယ်။
၁၉၈၄ မှာ (ခ)နဲ့ အောင်ပါတယ်။ ဒါကြောင့် မူ လတန်းပြ ဆရာမအဖြစ် ပညာရေးဌာနမှာ အလုပ်ဝင်ပါတယ်။
၁၀ တန်း စာမေးပွဲတွေ ထပ်ဖြေပါတယ်။ မအောင်မချင်း ဖြေတဲ့ သဘောပါ။ ကျရှုံးတဲ့နှစ်တွေ ရှိသလို
(ခ)နဲ့ အောင်မြင်တဲ့ နှစ်တွေ လည်း ရှိခဲ့ပါတယ်။ နောက်ဆုံးတော့လည်း (က)နဲ့ အောင်မြင်ပြီး
အဝေးသင် တက္ကသိုလ် တက်ရင်း ဘွဲ့ရခဲ့ပါတယ်။ လုပ်သက်တွေ လည်း အထိုက်အလျောက် ရလာလို့ အလယ်တန်းပြ
ဆရာမဖြစ် ခဲ့ပါတယ်။ နောက်ပြီး စာပေးစာယူနဲ့ ပညာရေးဘွဲ့ ရပြန်ပါတယ်။ အထက်တန်းပြ ဆရာမ၊
အလယ်တန်းကျောင်းအုပ်၊ အထက် တန်း ကျောင်းအုပ်အဆင့်ဆင့် တိုးမြှင့်ရာထူးတွေနဲ့ ညောင်ရွှေ
မြို့၊ ပင်လောင်းမြို့၊ တောင်ကြီးမြို့၊ ဆီဆိုင်မြို့တွေမှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အခုထိ အေးသာယာမြို့နားက အောင်သ ပြေ အထက်တန်းကျောင်းအုပ် ဆရာမကြီးအဖြစ်နဲ့ တာဝန်ထမ်း
ဆောင်လျက်ပါ။ ၁၀ တန်း စာမေးပွဲတွေ ကျရှုံးဖူးပေမဲ့ ဘဝမှာ သင့်တင့် လျောက်ပတ်တဲ့ နေရာတွေ
ရရှိခဲ့တယ်ဆိုတာကို ပြော ဆိုလိုရင်းပါ။
.
အားပေးချက်
အထက်ပါ ဖြစ်စဉ် ၄ ရပ်မှာ လူပုဂ္ဂိုလ် ၄ ဦးတို့ဟာ ၁၀ တန်း စာမေးပွဲတွေ
အနည်းဆုံး ၂ ကြိမ်စီ ကျရှုံးဖူးကြလို့ လူတော်စာ ရင်းမှာ မပါဝင်ကြပါဘူး။ လူတော်တွေ မဟုတ်ကြပါဘူး။
ဒါပေမဲ့ သူတို့ဟာ ၁၀ တန်း စာမေးပွဲကို အောင်မြင်လိုတဲ့စိတ်ဆန္ဒတွေ ပြင်းပြခဲ့ကြပါတယ်။
အဲ့ဒီဆန္ဒအတိုင်း မဖြစ်ဖြစ်အောင် အား ထုတ်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ဘဝမှာ ကြီးကျယ်တဲ့
အောင်မြင်မှုတွေ မရရှိတဲ့တိုင် သာမန်ထက်ပိုတဲ့ ဘဝတွေကို ပိုင် ဆိုင်ခဲ့ကြပါတယ်။ ဘဝမှာ
အိန္ဒြေရခဲ့ကြပါတယ်။ ဘဝမရှုံးကြပါ ဘူး။ နိုင်ငံအတွက်လည်း လူ့စွမ်းအား အရင်းအမြစ်တွေ
ဖြစ်ခဲ့ကြ ပါတယ်။ အဖိုးတန် လူသားတွေပါပဲ။ ဒါကြောင့် ၁၀ တန်းစာမေး ပွဲ ကျရှုံးသူတိုင်း၊
အထူးသဖြင့် ၂ ကြိမ်နဲ့ ၂ ကြိမ်အထက် ကျရှုံး သူတိုင်းဟာ အထက်က လူပုဂ္ဂိုလ် ၄ ဦးတို့ကို
စံနမူနာယူကာ မ လျှော့တဲ့ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ဆက်လက် လျှောက်လှမ်းနိုင်ပါ စေကြောင်း
နှစ်သိမ့်အားပေးရင်း။